မေလရဲ့နောက်ဆုံး တနင်္လာနေ့ကို အမေရိကန်စစ်တပ်မှာ တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ စစ်သည်တော်တွေကို ဂုဏ်ပြုတဲ့ အောက်မေ့ဖွယ်နေ့ Memorial Day အဖြစ် အမေရိကန်နိုင်ငံမှာ အားလပ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။
အိမ်ကို ဘယ်တော့မှ ပြန်ရောက်မလာနိုင်ကြတော့တဲ့သူတွေ၊ စစ်ဝတ်စုံနဲ့မဟုတ်ပဲ စစ်ပြန်ကြီးတွေ အဖြစ် ဘယ်တော့မှ ဂုဏ်ပြုခြင်း မခံရတဲ့သူတွေအတွက် ကျွန်တော်တို့ အောက်မေ့နေရမယ့် နေ့တနေ့ပါ လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက အပတ်စဉ် စနေနေ့မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
အောက်မေ့ဖွယ်နေ့ ဆိုတာကလည်း စစ်ပွဲမှာ သူရဲကောင်းဆန်စွာ ကျဆုံးသွားတဲ့ စစ်သည်တော်တွေရဲ့ သမိုင်းဝင် လုပ်ရပ်တိုင်း အတွက် ဂူဗိမာန်တွေ မဆောက်လုပ်နိုင်တာကို နားလည် လက်ခံ ထားတဲ့ သာမာန်ပြည်သူတွေ ဆီကလာတဲ့ အကြံညဏ်ဖြစ်ပြီး၊ သူတို့ကို မြုပ်နှံထားတဲ့နေရာတွေကို တန်ဆာ ဆင်ပေးဖို့ နှစ်တနှစ်ရဲ့ နေ့တနေ့ သတ်မှတ်ပြီး ဆက်ပြီး အောက်မေ့သတိရအောင် လုပ်နိုင်ပါတယ် လို့ အိုဘားမားကပြောပါတယ်။
စစ်သည်တော် အမျိုးသားအမျိုးသမီးစစ်သည်တော်တွေကို ဦးဆောင် ရတာထက် လေးနက်တဲ့ တာဝန်ဝတ္တရားဆိုတာ မရှိသလို သိပ်ကိုလိုအပ်လွန်းမှသာ သူတို့တွေကို ဘေးအန္တရယ်ရှိရာ ဆီ ပို့ပေးရတာပါလို့လည်း မစ္စတာ အိုဘားမားက ပြောပါတယ်။
ကျဆုံးသွားတဲ့ စစ်သည်တော် မိသားစုတွေရဲ့ နာကျင်ခံစားမှု ဝေဒနာတွေကို ဝေမျှခံစားဖို့နဲ့ ဂုဏ်ယူစရာ အမေရိကန် အလံအောက် ပေးဆပ်ခဲ့ကြတဲ့ ကျဆုံးစစ်သည်တွေ အတွက် ပီတိပွားဖို့ မစ္စတာ အိုဘားမားနဲ့ သူ့ဇနီး Michelle Obama တို့ ဟာ ကျဆုံးစစ်သည်တော် မိသားစုဝင်တွေနဲ့အတူ ခဏတာ ငြိမ်သက်စွာနေခဲ့ကြတယ်လို့လည်းပြောပါတယ်။
နိုင်ငံ့ စစ်ပြန်တွေ အတွက် အောက်မေ့ဖွယ်အခမ်းအနားနေ့မှာ ခဏတာ ဆုတောင်း မေတ္တာပို့ပေးဖို့နဲ့ လူထုအနေနဲ့ ကျေးဇူးတင်စကား ပြောကြဖို့ကိုလည်း အမေရိကန်ပြည်သူတွေကို မစ္စတာ အိုဘားမားက တိုက်တွန်းသွားပါတယ်။
ကျဆုံး စစ်သည်တော်တွေရဲ့ အုတ်ဂူတွေမှာ ပန်းတွေချဖို့၊ ပြည်ပရောက် တပ်သားတွေကို လက်ဆောင်တွေ ပေးပို့ဖို့အပြင် ပြည်တွင်းပြည်ပမှာ လိုလိုလားလား တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ စစ်ပြန်တွေကို အလုပ် ခန့်ထားပေးဖို့ကိုလည်း မစ္စတာ အိုဘားမားက အကြံပြုသွားပါတယ်။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကို ကျွန်တော်တို့ပေးရမယ့် ကြွေးတွေ ဘယ်လိုမှ ပြန်ပေးဆပ်လို့ရမှာမဟုတ်ဘူးလို့လည်း မစ္စတာ အိုဘားမားက ပြောသွားပါတယ်။
Your browser doesn’t support HTML5