(Zawgyi / Unicode)
ဖိအားပေးမှုတွေကြောင့်တော့ အမေရိကန်နဲ့ ဘယ်တော့မှ ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ Hassan Rohani က တနင်္ဂနွေနေ့မှာလုပ်တဲ့ Tehran က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
တချိန်မှာ ရန်သူဘက်က တွေ့ဆုံဆွေးနွေးလာဖို့ အီရန်က တွန်းအားပေးသွားမယ်လို့လည်း အီရန်သမ္မတက ထပ်လောင်းပြောပါတယ်။
ဖိအားပေးခံရတဲ့ အခြေအနေအောက်မှာ အီရန်အနေနဲ့ ဆွေးနွေးမှာ မဟုတ်ဘူး၊ အမေရိကန်ရဲ့ ဖိအားတွေကိုလည်း အလျှော့ပေးမှာ မဟုတ်သလို အားနည်းတဲ့ အနေအထား တခုကနေပြီးတော့လည်း စေ့စပ်ဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန်သမ္မတ Rohani က ပြောဆိုပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှု ဖြေလျှော့ပေးရေးအတွက် အီရန်ဘက်က နျူကလီးယား အစီအစဉ်ကို လျှော့ချခဲ့တဲ့ သဘောတူညီချက်ကနေ ၂၀၁၈ ခုနှစ်မှာ အမေရိကန် နုတ်ထွက်ခဲ့ပြီးနောက် အီရန်စီးပွားရေးကို အထိနာစေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမေရိကန်က ပြန်လည်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အီရန်ဘက်က နျူကလီးယားလက်နက် စမ်းသပ်မှုတွေ မလုပ်အောင် တားဆီးထားဖို့ ၂၀၁၅ ခုနှစ် နျူကလီးယားစာချုပ် သတ်မှတ်ချက်တွေနဲ့ မလုံလောက်ဘူးလို့ အမေရိကန်သမ္မတ Donald Trump က ပြောဆိုတာပါ။
အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် အီရန်ရဲ့စီးပွားရေး အထိနာစေသလို အီရန်ငွေဈေးလည်း ကျဆင်းခဲ့ရပါတယ်။
အီရန်အပေါ် အမေရိကန်ရဲ့ အမြင့်ဆုံး ဒဏ်ခတ်ပိတ်ဆို့မှုက အောင်မြင်မှုရမှာ မဟုတ်ဘူးလို့လည်း အမေရိကန်သမ္မတ Trump ရဲ့ အီရန်ဆိုင်ရာ မဟာဗျူဟာကို ရည်ညွှန်းပြီး အီရန်သမ္မတ Rohani က ပြောဆိုပါတယ်။
ဒေသတွင်းတည်ငြိမ်ရေးအတွက် အီရန်ရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်လို့လည်း အီရန်သမ္မတက ပြောပါတယ်။
----------------------------------------
(Unicode)
Your browser doesn’t support HTML5