အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း နယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက မိဘတွေနဲ့ခွဲထားတဲ့ ကလေးငယ်တွေရဲ့ မိဘတွေနဲ့ ပြန်တွေ့ရဖို့ ငိုယိုတောင်းပန်နေကြတဲ့ အသံဖိုင် တခု မနေ့ တနလာၤနေ့က ထွက်ပေါ်လာပြီးနောက်မှာတော့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုကို လုံး၀ သည်းမခံတဲ့ အမေရိကန် သမ္မတ Donald Trump အစိုးရရဲ့ မူဝါဒသစ်နဲ့ အစိုးရ အနေနဲ့ ထပ်ပြီး ဝေဖန်ခံနေရပါတယ်။ လွတ်လပ်တဲ့ စုံစမ်းဖော်ထုတ်တဲ့ သတင်းဆိုဒ် ProPublica ကနေ ၈ မိနစ် ကြာ အသံဖိုင်ကို လွှင့်တင်ခဲ့တာပါ။ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ ဖွင့်ချသူ တဦးက အဲဒီ အသံဖိုင်ကို ပြည်သူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတဦးထံ ပေးအပ်ခဲ့တာ ဖြစ်ပြီး အဲဒီ ရှေ့နေထံကနေ တဆင့် ရရှိခဲ့တာလို့ ProPublica က ပြောဆိုထားပါတယ်။
အသံဖိုင်ထဲက ဆူဆူညံညံ အသံတွေကြားမှာ ကြားရတဲ့ ကလေးငယ်ကတော့ အယ်လ်ဆာဗေးဒိုးနိုင်ငံက အသက် ၆ နှစ် အရွယ် မိန်းကလေးငယ် ဖြစ်ပြီး ထိန်းသိမ်းရေးစခန်းက အဒေါ်ဖြစ်သူကို သူ့ကို လာခေါ်ဖို့ ပြောပေးရေး အာဏာပိုင်တွေကို စပိန်စကားနဲ့ တောင်းတောင်းပန်ပန် ပြောကြားနေတဲ့ အသံဖြစ်တယ်လို့ ProPublica က ပြောဆိုထားပါတယ်။ အမေရိကန်နဲ့ မက္ကဆီကို နယ်စပ်မှာ မိဘတွေထံကနေ ကလေးငယ်တွေကို ခွဲပြီး ခေါ်ယူတဲ့ အစိုးရရဲ့ မူဝါဒ အပေါ်မှာတော့ မနေ့ တနလာၤနေ့မှာ သမ္မတ Donald Trump က ကာကွယ် ပြောဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုဟာ ရွှေ့ပြောင်းအခြေချသူတွေရဲ့ စခန်းတခု၊ ဒုက္ခသည်တွေကို လက်ခံရာ ဌာနတခု ဖြစ်လာမှာ မဟုတ်ဘူးလို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ကျင်းပတဲ့ အမျိုးသား အာကာသဆိုင်ရာ ကောင်စီ အစည်းအဝေးမှာလည်း သမ္မတ Trump က ဥရောပမှာ ကြုံတွေ့ ဖြစ်ပျက်နေတာတွေကို သတိပေး ပြောဆိုပြီး သူ့လက်ထက်မှာ ဒီလို အဖြစ်မျိုး အမေရိကမှာ အဖြစ်မခံဘူးလို့ ပြောဆိုခဲ့ပါတယ်။ ဧပြီလလယ်ပိုင်းကနေ မေလကုန်ပိုင်း အတွင်း ကလေးငယ် ၂ ထောင်နီးပါးကို ထိန်းသိမ်းရေးစခန်းတွေ ဒါမှမဟုတ်လည်း စောင့်ရှောက်ရေး စင်တာတွေကို ပို့ဆောင်ခဲ့တယ်လို့လည်း အစိုးရ အရာရှိတွေက ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5