၁၉၆၇ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့တဲ့ အာဆီယံ အဖွဲ့ကြီးမှာ ဒီမိုကရေစီ အစိုးရ တွေ၊တစိတ်တစ်ပိုင်း အာဏာရှင် အစိုးရတွေနဲ့ စစ်အစိုးရတွေ ရှိတဲ့အပြင် လူဦးရေ သန်း ၆၂၀ ရှိတဲ့ အာဆီယံဟာ ကမ္ဘာပေါ်မှာ သတ္တမမြောက် စီးပွားရေး အင်အားကြီး အုပ်စု ဖြစ်တဲ့အပြင်၊ အာဆီယံ လေးနိုင်ငံတို့ဟာလည်း အမေရိကန်နဲ့ TPP ခေါ် ပစိဖိတ် နှစ်ဖက်ကမ်း ကုန်သွယ်မှု စာချုပ်ကိုလည်း လက်မှတ်ရေးထိုး ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကြောင့်လဲ မကြာသေးမီက သမ္မတ အိုဘားမား အစိုးရ အနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ဆောင်ခဲ့တာကြောင့် တချိန်တည်းမှာပဲ နိုင်ငံတကာ လူ့အခွင့်အရေး စံထားချက်တွေကိုလည်း ဒီနိုင်ငံတွေ အားလုံး လေးစားလိုက်နာဖို့ အမေရိကန် အနေနဲ့ ကူညီ ဆောင်ရွက်သွားဖို့ တာဝန်ရှိတဲ့ အကြောင်းလည်း လူ့အခွင့်အရေး ကော်မရှင်က ယူဆထားတာ ဖြစ်ပါတယ်။
ဒါ့ကြောင့်လဲ အဖွဲ့ဝင် ဆယ်နိုင်ငံတို့ရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ကို လေ့လာခဲ့ရာမှာတော့ လူ့အခွင့်အရေး ထိမ်းသိမ်း စောင့်ရှောက်မှု နဲ့ လေးစားလိုက်နာမှုမှာ တိုးတက်မှု နှေးကွေးနေတာ တွေ့ရတယ်လို့ ခြုံငုံ သုံးသပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပက်သက်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် ဝန်ကြီး Scott Busby က အာဆီယံ နိုင်ငံတွေအနက် မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်က ရွေးကောက်ပွဲတွေ အပြီး အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိလိုက်ကာ အစိုးရသစ်တက်လာပြီး၊ နိုင်ငံတွင်းရှိ ကျန်ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို ပြန်လွှတ်ပေးခဲ့တဲ့ အတွက်ကြောင့် လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်မှုတွေ ရရှိခဲ့တဲ့အကြောင်း ထောက်ပြခဲ့ပေမယ့်လို့လည်း အကဲစမ်းမှုတွေက ရှိနေဆဲ ဖြစ်တယ်လို့ ခုလို ထောက်ပြခဲ့ပါတယ်။
”မြန်မာဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်တပ်ဟာ အမျိုးသားနဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ အမတ်နေရာ လေးပုံ တစ်ပုံကို ရယူထားဆဲ ဖြစ်ပြီး၊ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး အတွက် မှာလည်း၊ စစ်တပ်ဟာ ဗီတိုအာဏာကို အသုံးပြုခွင့် ရှိဆဲဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံအရ အဓိက ဝန်ကြီးဌာန သုံးခုကိုလည်း တာဝန်ယူထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေမှာလည်း တိုက်ခိုက်မှုတွေက ရှိနေဆဲပါ။ ရိုဟင်ဂျာ တွေနဲ့ တခြား တိုင်းရင်းသားနဲ့ ဘာသာရေး လူနည်းစု တွေရဲ့ အခြေအနေတွေ ကလည်း စိုးရိမ်ရဆဲ ဖြစ်ပါတယ်။ အဲဒီဒေသမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကလည်း အနိမ့်ဆုံး ဖြစ်ပါတယ်။ အစိုးရသစ် ကတော့ ဒီအကဲစမ်းမှုတွေ အားလုံးကို ဦးစားပေး ဖြေရှင်း သွားမယ်လို့ ပြောပါတယ်။ ကျနော်တို့ ဘက်ကလည်း တတ်နိုင်တဲ့ဘက်က ကူညီဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ ဒီပြသနာတွေ ဖြေရှင်းရေးဟာ ကြာရှည်အုံးမှာ ဖြစ်ပါတယ်။”
Human Rights Watch ရဲ့ လူ့အခွင့်အရေး အကျိုးဆောင် ဒါရိုက်တာ John Sifton က မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ပက်သက်လို့ တိုးတက်မှုတွေ ရရှိခဲ့ပေမယ့် စိုးရိမ်စရာ အခြေအနေတွေ ရှိတဲ့အကြောင်း အခုလို ထောက်ပြခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ တိုးတက်မှှုတွေ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီအကြောင်းတွေကို အသေးစိတ် ပြောဖို့ မလိုပေမဲ့။ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့အပေါ် အာရုံ စူးစိုက်မှှုက ရသင့်သလောက် မရဘဲ ရှိနေပါတယ်။ အဲဒီဒေသကို တိုက်ပွဲတွေ ဖြစ်နေတုံး ကျနော်တို့ HRW အဖွဲ့ဝင် တဦး ရောက်သွားခဲ့ပါတယ်။ ရှမ်းပြည်နယ်မှာ စစ်လေယာဉ်တွေက ဗုံးတွေကြဲ နေတုံးပါ။ ကချင်နှင့် ရှမ်းပြည်နယ်မှာ လူပေါင်း သောင်းချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။”
Tom Lantos လူ့အခွင်အရေး ကော်မရှင်ရဲ့ ပူးတွဲ ကော်မတီ ဥက္ကဌ ဖြစ်သူ အထက်လွှတ်တော်အမတ် Joe Pitts ကလည်း လက်ရှိ အနေနဲ့ ဗီယက်နမ်၊ မြန်မာ၊ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပက်သက်လို့ အနီးကပ် စောင့်ကြည့်ဖို့ လိုအပ်တဲ့အကြောင်း ထောက်ပြသွားပြီး၊ မြန်မာနိုင်ငံနဲ့ ပက်သက်လို့ သူ့ရဲ့ စိုးရိမ် မကင်းဖြစ်မှုကို ခုလိုပြောပါတယ်။
”မြန်မာနိုင်ငံမှာ မွတ်ဆလင် လူနည်းစု လူ့အဖွဲ့အစည်းတွေဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ အတိ ဒုက္ခရောက်နေမှုဟာ မှတ်တမ်းတွေရှိပါတယ်။ ဒါ့အပြင် တခြား ဘာသာရေး လူနည်းစုတွေဖြစ်တဲ့ ခရစ်ယာန ်ကချင်နဲ့ ရှမ်းတိုင်းရင်းသားတွေ ဟာ မြန်မာစစ်တပ်ရဲ့ နှောက်ယှက် ဟန့်တား တိုက်ခိုက်မှုတွေကို ဆက်လက်ခံနေရဆဲ ဖြစ်ပါတယ်။ ဒီ လူ့အခွင့်အရေး စိုးရိမ်မကင်း ဖြစ်မှုတွေအပြင် ဒီကနေ့ တင်ပြခဲ့တဲ့ အကြောင်းအရာတွေကို အသိအမှတ် ပြုု ပြီး ဆွေးနွေးသင့်ပါတယ်။ ဒီ စိုးရိမ်မကင်းဖြစ်မှုတွေကို အာဆီယံ အသင်းကြီး တစ်သင်းလုံး အနေနဲ့လည်း ကိုင်တွယ်ဖြေရှင်းသင့်ပါတယ်။ ”
မလေးရှား စင်္ကာပူ၊ ဘရူနိုင်းနဲ့ မြန်မာတို့ လေးနိုင်ငံ ဟာ နိုင်ငံတကာ ပြည်သူနဲ့ နိုင်ငံရေး ဆိုင်ရာ အခွင့်အရေး စာချုပ်ကို ဒီနေ့တိုင် လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အကြောင်း လည်း ကော်မရှင်က ထောက်ပြခဲ့ ပါတယ်။
Your browser doesn’t support HTML5