ကန်အောက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင်အဖြစ် ပထမဆုံး လူမည်းတဦး ရွေးချယ်ခံရ

  • ဗွီအိုအေမြန်မာပိုင်း

(Zawgyi / Unicode)

ဇန်နဝါရီလထဲ ကျင်းပဖို့ရှိတဲ့ အောက်လွှတ်တော် ညီလာခံ မတိုင်ခင် ဒီမိုကရက် လွှတ်တော်အမတ်တွေက လွှတ်တော်တွင်း သူတို့ကို ကိုယ်စားပြုမယ့် ခေါင်းဆောင်အဖြစ် နယူးယောက် အောက်လွှတ်တော်အမတ် Hakeem Jeffries ကို ဗုဒ္ဓဟူးနေ့က ရွေးချယ်လိုက်ကြပါတယ်။ သူဟာ လွှတ်တော်တွင်း ဒီမိုကရက်တွေကို ဦးဆောင်ရမယ့် ပထမဆုံးသော လူမည်းအမတ်တဦး ဖြစ်လာတော့မှာပါ။

အသက် (၅၂) နှစ်ရှိပြီဖြစ်တဲ့ Jeffries ဟာ အောက်လွှတ်တော် အမတ်အဖြစ် (၁၀)နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက် ကျင်းပခဲ့တဲ့ သက်တမ်းဝက် ရွေးကောက်ပွဲအတွင်း အောက်လွှတ်တော်မှာ ဒီမိုကရက် ကိုယ်စားလှယ်တွေ ရှုံးနိမ့်ခဲ့ပေမယ့် အခြေအနေတွေ ပြန်လည် ထိန်းသိမ်းသွားနိုင်ဖို့ သူ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“တဖက်ပါတီက အမတ်တွေနဲ့အတူ လက်တွဲ လုပ်သွားနိုင်ရေး အခွင့်အလမ်းကောင်းတွေကို တတ်နိုင်သမျှ ကျနော်တို့ ရှာဖွေသွားမှာပါ။ ဒါပေမဲ့ အစွန်းရောက်မယ့် ကိစ္စမျိုးကိုတော့ ဆန့်ကျင်သွားပါမယ်။ ကျနော်တို့ဟာ တိုင်းပြည်ကို ချစ်သလို၊ ဒီမိုကရေစီကိုလည်း မြတ်နိုးပါတယ်။ လူထုကြား ပိုမိုနီးစပ်အောင် ပြင်ဆင်လုပ်ဆောင်ထားတဲ့ အထက် အောက် လွှတ်တော် ၂ ရပ်စလုံးကိုလည်း အလေးထားသွားမှာပါ။ လူထုရဲ့ အသံကို ပြောကြားနိုင်ဖို့ အောက်လွှတ်တော်မှာ ဂုဏ်ယူစွာနဲ့ တာဝန်ထမ်းဆောင် သွားမှာပါ ” လို့ ဒီမိုကရက်အမတ် Hakeem Jeffries က ပြောသွားတာပါ။

ဒီမိုကရက် အမတ်တွေကြား သူ့ကို တညီတညွတ်ထဲ ဝိုင်းဝန်း ရွေးချယ်ခဲ့တာဖြစ်ပြီး လူမည်း အမတ်တဦးကို ခုလို လွှတ်တော်တွင်း ခေါင်းဆောင်အဖြစ် ရွေးချယ်တာက ပါတီတွင်း အပြောင်းအလဲကို ပြနေပါတယ်။ ဒီမိုကရက်ပါတီ ခေါင်းဆောင်အဖြစ် အနှစ်(၂၀)လောက် တာဝန်ယူခဲ့တဲ့ အသက်(၈၂)နှစ်အရွယ် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ကတော့ သက်တမ်းဝက် ရွေးကောက်ပွဲအတွင်း အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေ အနိုင်ရသွားပြီးနောက် တာဝန်က အနားယူမယ်လို့ ဒီလ အစောပိုင်းထဲ ကြေညာခဲ့ပါတယ်။

ဒီမိုကရက် လူနည်းစု ခေါင်းဆောင်အဖြစ် အခြား ဒီမိုကရက်အမတ်တွေဖြစ်တဲ့ မက်ဆာချူးဆက်ပြည်နယ် အမျိုးသမီး အောက်လွှတ်တော် အမတ် Katherine Clark နဲ့ ကယ်လီဖိုးနီးယားပြည်နယ် အမတ် Pete Aguilar တို့ကြားမှာ Hakeem Jeffries ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကန်အောက်လွှတ်တော် ဒီမိုကရက် ခေါင်းဆောင်အဖြစ် ပထမဆုံး လူမည်းတဦး ရွေးချယ်ခံရ

(Unicode)





