NUG အတွက် ကန်ဘဏ္ဍာရေးအကူအညီ ပွင့်လင်းမြင်သာစွာ အသုံးပြုမည် (NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း) 

U Aung Myo Min, NUG Human Rights Minister, is in DC (April 4, 2022)

NUG အမျိုးသားညီညွတ်ရေးအစိုးရကို အမေရိကန်အစိုးရအနေနဲ့ ဘဏ္ဍာရေးအရကူညီမယ်လို့ အတိအကျ သတ်မှတ်ပြဌာန်းတာဟာ NUG ရဲ့ နိုင်ငံတကာမှာ တရားဝင်မှုကို အသိအမှတ်ပြုရာရောက်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။

အမေရိကန် လွှတ်တော်ကအတည်ပြုပြီး သမ္မတ Biden လက်မှတ်ရေးထိုးထားတဲ့ ၂၀၂၂ခုနှစ် အမေရိကန် ဘဏ္ဍာရေးအသုံးစာရိတ်မှာ NUG ကို ကူညီမယ့် အပိုင်းနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရ အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ NUG ကိုယ်စားလှယ်အဖွဲ့ ဝါရှင်တန်ဒီစီကို ရောက်ရှိနေတာဖြစ်ပါတယ်။ သွားရောက်တွေ့ဆုံ မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

သီတင်းတပတ်ကြာမြင့်မယ့် NUG ကိုယ်စားလှယ်အဖွဲ့ရဲ့ အမေရိကန်ခရီးစဉ်အဓိကရည်ရွယ်ချက်နဲ့ ပတ်သက်လို့ အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

"အမေရိကန်အစိုးရအနေနဲ့ ကျနော်တို့ NUG NUCC EAOs တို့ကို အကူအညီပေးမယ်လို့ သူတို့ တရားဝင်ထုတ်ဖေါ်ပြောကြားလာတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့ လုပ်ငန်းတွေအကြောင်းရှင်းပြတာရယ်၊ နောက်ပြီးတော့ NUG ဆိုတာဟာ တော်လှန်ရေးအစိုးရတရပ်ဖြစ်ပေမယ့် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့အတွက် ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေနဲ့ ဘယ်လို လက်တွဲလုပ်ဆောင်နေသလဲ၊ ရေရှည်ရည်မှန်းချက်တွေ ဘယ်လိုရှိသလဲ ဆိုတဲ့အကြောင်းတွေ ရှင်းရှင်းလင်းလင်းတင်ပြဖို့ရယ်၊ နောက်ပြီးတော့ အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်ပူပန်တယ်လို့ ပြောနေတာထက် ထိရောက်တဲ့ လုပ်ဆောင်မှုတွေရှိလာတယ်။ ဒါတွေကို NUG အနေနဲ့ ဘယ်လို ပူးတွဲလုပ်ဆောင်မလဲ စတာတွေမှာပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြနိုင်ဖို့ စတာတွေက အဓိကရည်ရွယ်ချက်တွေဖြစ်ပါတယ်။"

ဒါအပြင် အမေရိကန်အစိုးရရဲ့ အသုံးစရိတ်ဘတ်ဂျက်မှာ NUG ကို ထည့်သွင်းဖေါ်ပြခြင်းအားဖြင့် နိုင်ငံတကာမှာ NUG ရဲ့တရားဝင်မှုရရှိရေးကို အမေရိကန်အစိုးရကအသိအမှတ်ပြုတာဖြစ်ပြီး နယ်စပ်ဒေသက လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေသူတွေဆီကိုလည်း တိုက်ရိုက်ရောက်နိုင်အောင် ပံ့ပိုးပေးရာရောက်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

"အခု အမေရိကန်အစိုးရက NUG NUCC နဲ့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကူညီမယ်လို့ ပြောကြားခြင်းက ကျနော်တို့ လှုပ်ရှားမှုရော၊ ကျနော်တို့ အဖွဲ့အစည်းတွေကိုရော တရားဝင်အသိအမှတ်ပြုရာ တပိုင်းရောက်သွားပါပြီ။ အစိုးရကဲ့သို့ ဆက်ဆံပြီးတော့ လုပ်ဆောင်တာ၊ အဲလိုနေရာမှာတော့ သူတို့ ပေါ်လစီတွေကိုတော့ ပြောင်းလဲ လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ အရင်တုန်းက ပုံစံမျိုး လုပ်လို့မရဘူးဆိုတဲ့နေရာမှာ အခုကာလမှာလုပ်လို့ရအောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ နောက်တခုက ဒါမျိုးတွေ လုပ်ဆောင်ခြင်းအားဖြင့် ပြည်တွင်းကနေ ပတ်ပြီးတော့ စစ်ကောင်စီရဲ့ နှောင့်ယှက်မှုတွေကို ဖျက်စရာမလိုပဲနဲ့နယ်စပ်ဒေသမှာ တကယ်ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေကို ကူညီနိုင်ဖို့က လမ်းကြောင်းက ပိုပြီးပွင့်သွားပါတယ်။"

အမေရိကန်အစိုးရ ဘတ်ဂျက်ဥပဒေ “The Consolidated Appropriations Act 2022” မှာ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးဖို့ ဒေါ်လာ ၁၃၆ သန်း ချမှတ်ထားတာပါ။ NUG၊ NUCC၊ CRPH၊ CDM နဲ့ EAO တွေကိုပေးမယ့် ဘဏ္ဍာရေးအပိုင်းမှာတော့ လက်နက်ကိုင်လှုပ်ရှားမှုတွေနဲ့ လုံးဝပတ်သက်မှုမရှိရဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် တဖက်မှာလည်း NUG အစိုးရဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တော်လှန်ရေးလုပ်နေတော့ အခု အမေရိကန်က တရားဝင်ရမယ့် အကူအညီကို ဘယ်လို ခွဲခြားသုံးစွဲမှုရှိမလဲဆိုတဲ့ မေးခွန်းကိုတော့ ဦးအောင်မျိုးမင်းက အခုလိုတုံ့ပြန်ပါတယ်။

" အဲဒါကိုတော့ ကျနော်တို့အတွက် အထူးသတိထားရမှာပါ။ ကျနော်တို့ အနေနဲ့ လုပ်နိုင်တဲ့ အခန်းကဏ္ဍတိုင်းမှာ ကျနော်တို့ရအောင်လုပ်ဆောင်သွားမယ်။ တချိန်တည်းမှာ သူတို့ သတ်မှတ်ထားတဲ့အတိုင်းပဲ လုပ်လို့မရဘူးဆိုရင်တော့ ကျနော်တို့သတိထား လုပ်ဆောင်ရမှာပါ။ တဖက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပတ်သက်လို့ ကူညီနိုင်တဲ့ အထောက်အပံံ့တွေကို ဆက်လက်ပြီး ရှာရမှာဖြစ်ပါတယ်။"

သမ္မတဘိုင်ဒန်အစိုးရသုံးစွဲမယ့် ဘတ်ဂျက်ငွေမှာ မြန်မာအပြင် ရုရှားကျူးကျော်စစ်ကို ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံအတွက်လည်း ပါပါတယ်။ အထူးသဖြင့် ယူကရိန်းနိုင်ငံကို ဒေါ်လာ ဘီလီယံနဲ့ချီပြီး ထောက်ပံ့မှာဖြစ်သလို လက်နက်ပစ္စည်းတွေလည်းပံ့ပိုးပေးနေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ NUG ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို အမေရိကန်ကရော ပိုပြီးကူညီဖို့ရှိမလား။ ဒါမှမဟုတ် လျော့သွားဖို့ရှိမလား။ ဒါနဲ့ ပတ်သက်လို့ ဦးအောင်မျိုးမင်းအမြင်ကတော့-

ဦးအောင်မျိုးမင်း။ ။ ကမ္ဘာတခုလုံးကတော့ ယူကရိန်းကို အာရုံစိုက်နေတာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့မီဒီယာမှာလည်း သူတို့ လွှမ်းချုံထားတယ်။ တချိန်တည်းမှာလည်း ရုရှားနဲ့ ဖြစ်နေတဲ့ကိစ္စက သူတို့ဒေသတွင်းရော၊ ကမ္ဘာ့ လုံခြုံရေးကိုပါ ထိခိုက်နေတာသိတဲ့အတွက် သူတို့ အပေါ်အာရုံစိုက်မှုက မြန်မာထက်စာရင် အများကြီးရပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြောနေတဲ့ကိစ္စက ဒီရုရှားတပ်တွေဟာ ယူကရိန်းကို ကျူးကျော်လုပ်ဆောင်နေသလို၊ ကျနော်တို့ မြန်မာပြည်မှာလည်း အကြမ်းဖက်စစ်ကောင်စီက ပြည်သူလူထုတွေရဲ့ကျေးရွာ၊မြို့တွေအကုန်လုံးကို ဝင်ရောက်ကျူးကျော်ပြီးတော့ ရက်ရက်စက်စက်သတ်ဖြတ်တာ။ ကျနော်တို့က ပိုပြီးဆိုးပါတယ်။ လူတွေကို တကယ့်ကို သွေးအေးအေးနဲ့ သတ်ဖြတ်တာ။ စစ်ပွဲမှာ သတ်ဖြတ်တာတင်မကပဲ လူတွေကို ရာဇဝတ်မှုကျူးလွန်ပြီးရက်ရက်စက်စက်သတ်ဖြတ်တာတွေရှိပါတယ်။ ဒါကြေင့် ကျနော်တို့ ပြောချင်တာက ယူကရိန်းလည်း လူသားပါပဲ။ မြန်မာပြည်ကလူတွေလည်း လူသားပါပဲ။ ကျူးလွန်နေတဲ့သူတွေကလည်း သွေးဆာနေတဲ့သူတွေဖြစ်တယ်။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ရာဇတ်ဝတ်မှုကျူးလွန်ခံရသူတွေအပေါ် အားလုံးဝိုင်းဝန်းစောင့်ရှောက်ဖို့လိုအပ်သလို၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျနော်တို့ အမြန်ဆုံးတားဆီးဖို့ လိုအပ်ပါတယ်။

အင်ကြင်းနိုင်။ ။ NUG အတွက် အမေရိကန်အစိုးက တရားဝင်ထောက်ပံ့မယ့် ငွေကြေးကို ပွင့်လင်းထင်သာမြင်သာမှုရှိအောင် ဘယ်လို ဆောင်ရွက်မလဲ။

ဦးအောင်မျိုးမင်း။ ။ ကျနော်တို့ NUG မှာကတော့ ငွေကြေးနဲ့ပတ်သက်လို့သိသာထင်ရှားစွာရယ်၊ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝလုပ်ဆောင်ပါတယ်။ ဒါကြောင့် ကျနော်တို့မှာ စာရင်းဇယားတွေရှိတယ်ဆိုတာ သေချာတယ်။ တခု ချပြလို့မရတာကတော့ ကာကွယ်ရေးနဲ့ပတ်သက်လို့ လက်နက်သုံးစွဲမှုအပိုင်းမှာတော့ ဘယ်လောက်သုံးစွဲသလဲဆိုတာ ကျနော်တို့ ပြောလို့ရတယ်။ ဒါပေမယ့် ဘယ်လိုသုံးစွဲသလဲဆိုတာ စစ်ရေးအရ၊ လုံခြုံရေးအရ ပြောလို့မရသေးတာ ဒါကိုတော့ သတိပြုဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အခုငွေက ကျနော်တို့ အမှန်တကယ်ရရှိလာမယ်ဆိုရင် သူတို့ကိုယ်တိုင်ကလည်း ရော့ကြိုက်သလောက်သုံးဆိုပြီး ပေးမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်ကလည်း ဘယ်လိုမျိုး တာဝန်ခံမှုရှိသလဲ၊ ဒီလိုစနစ်မျိုးကို သေချာအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်သူက စောင့်ကြည့်မလဲဆိုတာ ကျနော်တို့ သိသိသာသာထင်ထင်ရှားရှား တာဝန်ယူရမှာဖြစ်သလို သိသင့်သိထိုက်တဲ့ဟာတွေကိုလည်း ကျနော်တို့ချပြမှာဖြစ်ပါတယ်။

NUG ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိတွေနဲ့ တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။

--------------------------













