ဆီးရီးယားကနေပြီးတော့ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်ဖို့အတွက် သမ္မတ Trump ရဲ့ ရုပ်ခြည်းဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ IS နှိမ်နှင်းရေး နိုင်ငံတကာညွှန့်ပေါင်းအဖွဲ့ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Brett McGurk ရာထူးကနေ နုတ်ထွက်သွားပါတယ်။
Mr. McGurk ရာထူးကနေ နုတ်ထွက်မှုဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ အသက်ဝင်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့မှာ ထုတ်ပြန်ပါတယ်။ Mr. McGurk က သူနုတ်ထွက်မှုနဲ့ ပတ်သက်လို့ သူ့ဝန်ထမ်းတွေဆီကို email စာတစောင်ပို့တာကို AP သတင်းဌာနက ရရှိခဲ့ပါတယ်။ စာထဲမှာတော့ သမ္မတရဲ့ မကြာခင်တုန်းက ဆုံးဖြတ်ချက်ဟာ တုန်လှုပ်စရာဖြစ်သလို ဒါဟာ မူဝါဒရေးရာ လုံးဝ ပြောင်းပြန်လှန်လိုက်တာဖြစ်တယ်လို့ ရေးထားပါတယ်။ ဒီအတွက် အမေရိကန်ရဲ့ မဟာမိတ်လက်တွဲဖက်တွေကို ေ၀ဝါးသွားစေပြီးတော့ တိုက်ပွဲထဲမှာရှိနေကြတဲ့ လက်တွဲဖက်တွေအနေနဲ့ ဘယ်လိုဆက်လုပ်ရမယ် အကျိုးဆက်တွေဘာဖြစ်လာမယ် ၊ မစဉ်းစားတတ်အောင် ရှုပ်ထွေးသွားစေတယ်လို့ သူကရေးထားပါတယ်။
သူနုတ်ထွက်တာနဲ့ ပတ်သက်လို့ သမ္မတ Trump က တွစ်တာမှာ ရေးထားတာကတော့ Brett McGurkဟာ သမ္မတ အိုဘားမားက ၂၀၁၅ ခုနှစ်မှာ ခန့်အပ်ခဲ့တာဖြစ်ပြီးတော့ သူ့ကို လူချင်းမသိဘူးလို့ ဆိုပါတယ်။ လာမယ့် ဖေဖော်ဝါရီလထဲမှာ သူရာထူးကနေပြီးတော့ နုတ်ထွက်ရမှာ ဖြစ်ပေမယ့် ကြိုပြီးအနားယူသွားတယ်လို့ ဆိုပါတယ်။ IS ကိုအနိုင်တိုက်လိုက်နိုင်ပြီလို့ ကြေညာပြီးတော့ ဆီးရီးယားကနေပြီးတော့ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်ဖို့အတွက် သမ္မတက အမိန့်ထုတ်ပြီးနောက်ပိုင်း နိုင်ငံတော်လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး James Mattis ကလည်း နုတ်ထွက်သွားသလိုပဲ မကြာခင်မှာလည်း အခုလို အထူးကိုယ်စားလှယ် Brett McGurk ရာထူးကနေ နုတ်ထွက်တာလည်း ဆက်တိုက်ဆိုသလိုဖြစ်လာတာပါ။
Your browser doesn’t support HTML5