တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုရဖို့ Trump မျှော်လင့်

ကမ္ဘာ့စီးပွားရေး အင်အား အကြီးဆုံးနှစ်နိုင်ငံကြား အပြန်အလှန် လက်တုံ့ပြန် အခွန်စည်းကြပ်မှုတွေကို အဆုံးသတ်နိုင်ရေး အတွက် တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရရှိနိုင်တယ်ဆိုပြီး အမေရိကန် သမ္မတ Donald Trump က တနလာၤနေ့မှာ အကောင်းမြင် သဘောထားသစ်ကို ပြောဆိုပါတယ်။

အမေရိကန် ထိပ်တန်း ကုန်သွယ်ရေး ကိုယ်စားလှယ်တွေကို တရုတ်ဘက်က ဖုန်းခေါ်ပြီး ဆွေးနွေးပွဲတွေ ပြန်စဖို့ ပြောဆိုတဲ့ အကြောင်း အမေရိကန် သမ္မတ Trump က ပြင်သစ်မှာ ကျင်းပတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ G-7 ထိပ်သီးညီလာခံမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ တရုတ်ရဲ့ ထိပ်တန်း ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းသူ ဒုတိယ ဝန်ကြီးချုပ် Liu He က သဘောတူညီချက် တခု ရလိုကြောင်း ပြောဆိုတယ်လို့ သမ္မတ Trump က ပြောဆိုပြီး တရုတ်ဘက်က သဘောတူညီချက် ရလိုနေတယ်လို့ ပြောဆိုခဲ့တာပါ။

ဒါပေမယ့်လည်း အမေရိကန် အတွက် ပိုပြီး ကောင်းမွန်တဲ့ သဘောတူညီချက် ဖြစ်ရမယ်လို့လည်း အမေရိကန် သမ္မတက ခပ်မြန်မြန်ဘဲ ထပ်လောင်း ပြောပါတယ်။ တရုတ်ဘက်က နှစ်ပေါင်းများစွာ အမေရိကန် အပေါ် ကုန်သွယ်ရေး အသာစီးရနေတယ်၊ ၂၀၁၈ ခုနှစ် အတွင်း တရုတ်ဘက်က အမေရိကန်ကို ဒေါ်လာ ၄၁၉ ဘီလျံဖိုး တင်သွင်းခဲ့ပြီး ဒီပမာဏက အမေရိကန် ကုန်ပစ္စည်းတွေ ဝယ်ယူမှုထက် ပိုပြီးများတယ်လို့လည်း သမ္မတ Trump က ထပ်ပြီး ဝေဖန်ပါတယ်။ အနည်းဆုံး အတိုင်းအတာ တခုအထိ ကုန်သွယ်ရေး ညီမျှအောင် လုပ်ရမယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။

ဒေါ်လာ ၂၅၀ ဘီလျံ တန်ဖိုးရှိ တရုတ် သွင်းကုန်တွေ အပေါ် အခွန်စည်းကြပ်ပြီး နောက်ထပ် ဒေါ်လာ ၃၀၀ ဘီလျံ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်းတွေ အပေါ် ထပ်ပြီး အခွန်စည်းကြပ်မယ့် အစီအစဉ်က တရုတ်ရဲ့ စီးပွားရေးကို အထိနာစေတယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။ တရုတ်ဘက်ကလည်း ဒေါ်လာ ၇၅ ဘီလျံ တန်ဖိုးရှိ အမေရိကန် ပို့ကုန်တွေ အပေါ် အခွန်တိုးကောက်ထားတာပါ။

Your browser doesn’t support HTML5

တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုရဖို့ Trump မျှော်လင့်