တရုတ်ကုန်စည်အပေါ် အခွန်တိုးကောက်မှု ကန်စားသုံးသူတွေ အထိနာ

Walmart ဈေးဝယ်စင်တာတွင် ဈေးဝယ်နေသူတဦး။

အမေရိကန်သမ္မတ Donald Trump ရဲ့ တရုတ်နဲ့ ကုန်သွယ်စစ်ပွဲဟာ အခုအခါမှာ အမေရိကန် စားသုံးသူတွေကို ထိခိုက်ဖို့ ဖြစ်လာနေတယ်လို့ အများက ပြောဆိုလာကြပြီ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက တနင်္ဂနွေနေ့ကစပြီး အမေရိကန်ဒေါ်လာ ၁၁၂ ဘီလျံ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်အခ ၁၅ % တိုးမြှင့်ကောက်ခံတော့မှာ ဖြစ်ပါတယ်။ တရုတ်ကုန်ပစ္စည်းတွေထဲမှာ စမတ်နာရီတွေကစပြီး TV တို့ ဖိနပ်တို့ ကလေးအသုံးအဆောင်တွေ၊ အားကစားပစ္စည်းတွေအပြင် နို့ထွက်ပစ္စည်းနဲ့ အသားတွေပါ ပါဝင်ပါတယ်။

တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ စတင်ကတည်းက တရုတ်ကုန်ပစ္စည်းတွေ အတွက် ပေးရတဲ့ သွင်းကုန်ခွန်ကြီးမြင့်မှုကို ကာမိစေဖို့ အမေရိကန် ကုမ္ပဏီတွေက ဈေးတင်ရောင်းရကြတဲ့အတွက် စားသုံးသူတွေဟာ ဈေးကြီးပေးဝယ်သုံးနေကြတာ ဖြစ်ပါတယ်။

Trump က တရုတ်ကုန်စည်တွေအပေါ် အခွန်တိုးကောက်လိုက် တရုတ်အစိုးရက လက်တုံ့ပြန်ပြီး အမေရိကန်ကုန်တွေကို အခွန်ပြန် တိုးကောက်လိုက်နဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး ၂ နိုင်ငံရဲ့ ကုန်သွယ်ရေးစစ်ပွဲက တနှစ်ကျော်လာပြီ ဖြစ်ပါတယ်။

၂ ဖက် ညှိနှိုင်းဆွေးနွေးပွဲတွေ ကျင်းပနေပေမယ့်လည်း ပြေလည်မယ့် အရိပ်အယောင်တော့ သိပ်မတွေ့ရသေးပါဘူး။ တချိန်တည်းမှာပဲ ဒေါ်လာဘီလျံနဲ့ချီပြီး အခွန်တွေ အပြန်အလှန် တိုးကောက်နေကြတာပါ။

Trump အစိုးရက တရုတ်ကုန်ပစ္စည်း ဒေါ်လာဘီလျံ ၂၅၀ ဖိုးလောက်အတွက် အခွန်တိုးကောက်ခံရာမှာ စက်မှုပစ္စည်းတွေအပေါ် ပစ်မှတ်ထားရမယ့်အစား နေ့စဉ်သုံး ပစ္စည်းတွေအပေါ် အခွန်ကောက်နေတာကြောင့် အခုဆို အမေရိကန်စားသုံးသူတွေဟာ အခြေနေဆိုးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အခုလည်း အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ စကူးတာနဲ့ တရုတ်ကုန်ပစ္စည်းတွေ အတွက် လက်ရှိ အခွန် ၂၉ % ကောက်နေရာကနေ ၆၉ % အထိ တိုးမြှင့် ကောက်ခံတော့မှာပါ။ ဒါတင်မကသေးပါဘူး။ ဒီဇင်ဘာလ ၁၅ ရက်ကျရင် ဒေါ်လာဘီလျံ ၁၆၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအတွက် နောက်ထပ် အခွန်တိုးကောက်ဖို့ စီစဉ်နေတာပါ။

အဲဒီအချိန်လောက်ဆို အမေရိကန်ကို တင်သွင်းတဲ့ တရုတ်လုပ် လူသုံးကုန်ပစ္စည်း အားလုံးရဲ့ ၉၉ % လောက်ဟာ အခွန်ကောက်ခံရဖို့ ရှိတယ်လို့ နိုင်ငံတကာ စီးပွားရေးဆိုင်ရာ သိပ္ပံက Chad Bown က တွက်ချက်ထားပါတယ်။

Your browser doesn’t support HTML5

တရုတ်ကုန်စည်အပေါ် အခွန်တိုးကောက်မှု ကန်စားသုံးသူတွေ အထိနာ