ကန် မြန်မာ စီးပွားရေး ဆွေးနွေးပွဲနဲ့ ရှေ့အလားအလာ

အာရှတိုက်ရဲ့ နောက်ဆုံးစီးပွားရေးရှေ့တန်းစခန်း “Myanmar: Asia’s Last Frontier” အမည်နဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း နယ်ပယ်တွေမှာ အမေရိကန်လုပ်ငန်းရှင်တွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဆွေးနွေးဖလှယ်ကြတဲ့ပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှာ နယူးယောက်မြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်သတင်းယူနေတဲ့ ဗွီအိုအေရဲ့ ဌာနမှူး ဦးသန်းလွင်ထွန်းကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်းချိန်မှာ အစည်းအဝေးကျင်းပပုံကို အခုလို ပြောပြပါတယ်။

အခုလောလောဆယ်ကတော့ ဒီမှာ နယူးယောက်မြို့ Grand Hyatt မှာလုပ်နေတဲ့ ဆွေးနွေးပွဲမှာက တနေ့လုံးအနေနဲ့ကတော့ မြန်မာနိုင်ငံကလာတဲ့ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်တန်းပုဂ္ဂိုလ် ၄၀ လောက်က စကားပြောဖို့ ရှိပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ကို စီးပွားရေး လုပ်ငန်းတွေ လုပ်ဖို့ကို စိတ်ဝင်စားကြတဲ့ သူတွေအနေနဲ့ မြန်မာနိုင်ငံကနေ ရောက်ရှိလာကြတဲ့ ကိုယ်စားလှယ်တွေရော၊ ဒါမှမဟုတ်လို့ရှိရင် အမေရိကန်ဘက်ကနေပြီးတော့ ဦးဆောင်ပြီး လုပ်ပေးနေတဲ့ ကိုယ်စားလှယ်တွေရော အားလုံးကိုပေါ့နော် တယောက်ချင်းစီ၊ သီးသန့်စီ တွေ့ဆုံဖို့လည်း တနေ့လုံး စီစဉ်ထားတာရှိတယ်။

ဒါက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်း လုပ်ဖို့နဲ့ ပတ်သက်လို့ရှိရင် အခုဒီပွဲက ပထမဆုံး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ထူးခြားတယ်လို့ ပြောလို့ရပါတယ်။ အခုကတော့ စကာစပဲရှိပါသေးတယ်။ အခုပြောနေတဲ့ အချိန်မှာ - ပထမဆုံး session မှာတော့ မြန်မာနိုင်ငံဘက်က ဝန်ကြီးဦးစိုးသိမ်း၊ နောက်ပြီးတော့ စီးပွားရေး လုပ်ငန်းရှင်တွေဘက်က ဦးသိန်းေ၀ လို့ခေါ်တဲ့ Serge Pun နောက်ပြီးတော့ American Business Council အဲဒီလို အဖွဲ့အစည်းတွေက လူတွေလာပြီးတော့ စင်မြင့်ပေါ်မှာ တက်ပြီးတော့ စကားပြောနေတယ်။ နောက်ပြီးတော့ စီးပွားရေး လုပ်ငန်းရှင်ကြီး George Soros လည်း ပြောပါတယ်။

မေး - ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့လူတွေ နှစ်ဘက်စလုံးပေါ့လေ၊ စိတ်အားထက်သန်မှု ဘယ်လောက်တွေ့ရပါသလဲ၊ အလားအလာကောင်းတွေရော မြင်ရပါသလား။

ဖြေ - “ဟုတ်ကဲ့၊ တက်တဲ့လူကတော့ တော်တော်များတယ်ခင်ဗျ။ တော်တော်များတယ်ဆိုတာ အထူးသဖြင့် မြန်မာပြည်အရေးကလည်း ဒီလိုစီးပွားရေးနဲ့ ပတ်သက်လို့ ကျင်းပတဲ့ပွဲက ဒါဟာ ပထမဆုံးပွဲလို့လည်း ပြောရမှာဆိုတော့ အမေရိကန်ရဲ့ အရှေ့ဘက်ကမ်း၊ အနောက်ဘက်ကမ်း ကယ်လီဖိုးနီးယားတို့ တက္ကဆက်တို့ဘက်က လုပ်ငန်းရှင်တွေလည်း လာပြီးတော့ တက်တာ ကျနော်တွေ့ပါတယ်။ ဒီထဲကလည်း အခု စောစောက အဖွင့်မိန့်ခွန်းထဲမှာ ဦးစိုးသိမ်းပြောသွားတာက အမေရိကန်ကုမ္ပဏီတွေ၊ အမေရိကန်လုပ်ငန်းရှင်တွေ အနေနဲ့က လုပ်ပြီဆိုရင် နည်းနည်း decisive ဖြစ်တယ်ပေါ့နော် ပြတ်ပြတ်သားသား လုပ်တတ်တယ်။ ပြီးတော့ ကုမ္ပဏီပိုင်းဆိုင်ရာ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေမှာလည်း တော်တော်လေးကို အလေးထားပြီးတော့ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ကိစ္စမျိုးတွေမှာလည်း တော်တော်လေးကို အလေးအနက်ထားပြီးတော့ ဆောင်ရွက်တဲ့ နမူနာတွေ ရှိတာမို့လို့ မြန်မာပြည်က Business လုပ်ငန်းရှင်တွေအနေနဲ့လည်း အမေရိကန်အတုကို ယူစေချင်တယ်။ မြန်မာပြည်မှာလည်း ဒီလို အလားအလာကောင်းတွေ ဖြစ်စေချင်တယ်လို့ သူက ပြောသွားတာရှိပါတယ်။”

မေး - ဆိုတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မပြည့်ဝလို့ ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေရော ဒီအစည်းအဝေးမှာ ပေါ်လာနိုင်စရာအကြောင်း ရှိပါသလား။

ဖြေ - “အဲ့ဒါတွေနဲ့ ပတ်သက်လို့ ပြောတာကတော့ အဓိကအားဖြင့်ကတော့ ဒီဥပဒေကြောင်းဆိုင်ရာနဲ့ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာတွေမှာ နှေးကွေးနေသေးတယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ အဲ့ဒါလေးတွေလည်း အစောပိုင်းက အဖွင့်ပိုင်းမှာ နည်းနည်း ပြောသွားတာရှိတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်ပိုင်းက Surge Pun ကဆိုလို့ရှိရင် မြန်မာနိုင်ငံမှာ ဒီ စီးပွားရေးပြုပြင်ပြောင်းလဲမှု ကိစ္စတွေမှာ လက်ရှိ အစိုးရက လုပ်နေတဲ့နေရာမှာ မေးခွန်းထုတ်နေကြတာက လမ်းကြောင်းမှန်ကို သွားရဲ့လား။ လမ်းကြောင်းပေါ်မှာရော ရှိရဲ့လား။ ကတိထားတဲ့အတိုင်း လုပ်ကြသလားဆိုတဲ့ မေးခွန်းတွေရှိပါတယ်။ ဒါပေမဲ့ သူ့အမြင်ကတော့ ဒါ လမ်းကြောင်းပေါ်မှာတော့ ရှိနေတယ်။ အရှိန်အဟုန်ကိစ္စ၊ ဘယ်လောက် မြန်၊ မမြန် ဆိုတဲ့ နေရာမှာပဲ မေးစရာလေးတွေရှိတယ် ဆိုတဲ့သဘော သူပြောသွားတယ်။ အထူးသဖြင့်ကတော့ ဘယ်လိုလဲဆိုတော့ လုပ်ငန်းပိုင်းဆိုင်ရာတွေမှာဆိုရင် ဝန်ကြီးဌာနတွေအနေနဲ့ ဦးဆောင်နေတဲ့ ဝန်ကြီးတွေရဲ့ အမြင်ကျယ်မှု၊ နောက်ပြီးတော့ တခြား ဒီ မြန်မာပြည်မှာ ရှေးရိုးစွဲရှိနေတဲ့ ဗျူရိုကရေစီနဲ့ ပတ်သက်လို့ လူတွေရဲ့ အမြစ်တွယ်နေတဲ့ အကျင့်လေးတွေ မပျောက်နိုင်ဘူး။ အဲ့ဒါလေးတွေနဲ့ပတ်သက်လို့ ပြောင်းလဲစရာတွေရှိနေတယ်။ နောက်ပြီးတော့ Cronyism လို့ခေါ်တဲ့ ခရိုနီတွေ ကြီးစိုးနေတဲ့ကိစ္စမျိုးတွေ၊ အဲဒါလေးတွေ တိုက်ဖျက်ဖို့ လိုမယ်။ နောက် ဥပဒေစိုးမိုးဖို့ လိုမယ်။ အဲ့ဒါလေးတွေ ပြုပြင်နိုင်လို့ရှိရင်တော့ လာမယ့် နှစ်တွေအတွင်းမှာပေါ့နော် ၁၀ နှစ်၊ ၁၅ နှစ်အတွင်းမှာ မြန်မာပြည်ဟာ တကယ့်လမ်းကြောင်းမှန်ကို ရောက်နေနိုင်မယ်လို့ ပြောလို့ရမယ်လို့ သူ ပြောသွားပါတယ်။”

မေး - ဒီအစည်းအဝေးမှာ စီးပွားရေး အလားအလာကောင်းတယ် ဆိုတဲ့အပြင် တခြား ထူးခြားချက်အနေနဲ့ ဘာပြောစရာ တွေ့ရပါလဲ။

ဖြေ - “ထူးခြားချက်မှာတော့ စီးပွားရေးလုပ်ငန်းရှင် Surge Pun ကပဲ ပြောတာကတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အမေရိကန်ဘက်က စီးပွားရေး ရင်းနှီးမြှုပ်နံှမှုတွေတင် မကဘဲနဲ့ အသိပညာပိုင်းဆိုင်ရာ၊ အတတ်ပညာပိုင်းဆိုင်ရာမှာ ပြည်ပမှာရောက်ရှိနေတဲ့ မြန်မာတွေပိုင်းကပါ လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေရော၊ ဒါမှမဟုတ်လို့ရှိရင် အသိပညာပိုင်းအရ ဝင်ပြီး ဆောင်ရွက်ပေးတာတွေ ဘာတွေ လိုအပ်ပါတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ပြောသွားတာ ကျနော်ကြားရပါတယ်။ အလားတူပဲ Asia Society လို့ခေါ်တဲ့ အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ်အနေနဲ့ စကားပြောတဲ့ မြန်မာနိုင်ငံရဲ့ ယာယီသံရုံးတာဝန်ခံ လုပ်ခဲ့ဖူးတဲ့ Priscilla Clapp က ဆိုရင် မြန်မာနိုင်ငံအရေးမှာ အခုဆိုရင် တော်တော်များများ တချို့ကို Negative ပေါ့နော် ပြောရမယ်ဆိုရင် နည်းနည်း အနှုတ်လက္ခဏာဆောင်တဲ့ကိစ္စတွေ ရှိတယ်ဆိုပြီးတော့ ဝေဖန်ပြောဆိုမှုတွေ ရှိတယ်ဆိုတဲ့ နေရာမှာ ဒါတွေဟာ သူ့အမြင်နဲ့ပြောမယ်ဆိုရင် လက်ရှိ အစိုးရအဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲမှု၊ အကြောင်းအရာ ဘာညာဆိုတာထက် မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းက အကြောင်းအရာ တော်တော်များများပေါ့နော် မတိုးတက်ဘဲနဲ့ နည်းနည်း ခေတ်ဟောင်း အတွေးအခေါ် အယူအဆတွေ ကြားထဲမှာ ကျင်လည်နေရတော့ ဒါတွေကို လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေနဲ့အမှီ မလိုက်နိုင်တဲ့ အခြေအနေလေးတွေ ရှိနေတာတွေကို သူ ထောက်ပြသွားပါတယ်။”

မေး - မြန်မာနိုင်ငံက ပြည်ပကိုရောက်နေတဲ့ အတတ်ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ရှိခဲ့ရင် သူတို့လည်း ပါဝင်ဖို့ လိုတယ်လို့ ပြောသလား။ အစည်းအဝေးပွဲမှာရော အဲ့ဒီလို မြန်မာနိုင်ငံက ပြည်ပရောက် အတတ်ပညာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ လာတက်တာ တွေ့ရလား။

ဖြေ - တော်တော်များပါတယ်ခင်ဗျ။ အထူးသဖြင့် နယူးယောက်မှာရှိတဲ့ စီးပွားရေး စိတ်ဝင်စားတဲ့ မြန်မာတွေရှိမယ်။ နောက်ပြီးတော့ ဟိုဘက် ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ဘက်ကလည်း လူတချို့လာတာ တွေ့ရပါတယ်။