လူ့အခွင့်အရေး ချိူးဖောက်မှုတွေမှာ တာဝန်ရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထား ဒဏ်ခတ် အရေးမှုတွေ အပါအဝင် အမေရိကန်နဲ့ မြန်မာ စစ်ရေးဆက်ဆံရေး ကန့်သတ်ချက်တွေပါဝင်တဲ့ ၂၀၁၉ Burma Act ကို အမေရိကန် အထက်လွှတ်တော် ဘက်က သဘောတူ ထောက်ခံဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က အောက်လွှတ်တော် တရပ်လုံးက သဘောတူလိုက်တဲ့ အမျိုးသား ကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေ NDAA ထဲမှာ ပြင်ဆင်ချက် ဥပဒေဖြစ်တဲ့ Burma Act ကို ထည့်သွင်းဖေါ်ပြထားပါတယ်။ အခုလို အောက်လွှတ်တော်က အတည်ပြုလိုက်ပြီဖြစ်တဲ့ ဒီ Burma Act ဥပဒေကို အထက်လွှတ်တော်က သဘောတ ူထောက်ခံမှု ရှိမရှိ အလားအလာနဲ့ ပတ်သက်လို့ Fortify Rights တာဝန်ခံ Matthew Smith ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အခုလက်ရှိ အမေရိကန် လွှတ်တော်မှာ အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့် ဥပဒေ NDAA နဲ့ ပတ်သက်လို့ အထက်နဲ့ အောက် လွှတ်တော်နှစ်ရပ်လုံး ကိုယ်ပိုင် ပြဌာန်းချက်အသီးသီးနဲ့ အတည်ပြုထားပြီးပြီဖြစ်ပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့က အောက်လွှတ်တော်မှာ အတည်ပြုထားတဲ့ NDAA မှာ ပြင်ဆင်ချက်အနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို ဒဏ်ခတ်အရေးယူမှုတွေ အပါအဝင် မြန်မာစစ်တပ်နဲ့ အမေရိကန် စစ်တပ် ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ကန့်သတ်ထားချက်တွေ၊ မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေနဲ့ အိမ်နီးချင်းနိုင်ငံမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှု အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၂၂၁ သန်း ပါဝင်တဲ့ ဘတ်ဂျက် လျာထားချက်နဲ့ အမေရိကန် အစိုးရဘက်က ဒဏ်ခတ်အရေးယူမှု အတွက် လိုအပ်နေတဲ့ အချက်တွေ ပါဝင်တဲ့ ၂၀၁၉ Burma Act ကို ထည့်သွင်းထားပြီး ဒီပြင်ဆင်ချက်ကို အောက်လွှတ်တော်မှာ အသံနဲ့ မဲခွဲ ဆုံးဖြတ်ရာမှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။
ဇွန်လ (၂၇)ရက်နေ့ အထက်လွှတ်တော်မှာ အတည်ပြုထားတဲ့ NDAA မှာတော့- Burma Act ဥပဒေဆိုတာ မျိုး မပါခဲ့ပါဘူး။ လာမယ့် စက်တင်ဘာလမှာ NDAA ကို လွှတ်တော်နှစ်ရပ်လုံးက ညှိုနှိုင်းသဘောတူ ပြဌာန်းဖို့ ရှိနေပါတယ်။
ဒါကြောင့် အောက်လွှတ်တော်က အတည်ပြုထားတဲ့ Burma Act ပြင်ဆင်ချက် ဥပဒေကို အထက်လွှတ်တော်က လက်ခံသဘောတူညီမှုရှိမရှိ အလားအလာနဲ့ ပတ်သက်လို့ ပြီးခဲ့သတင်းပတ်က ဒီမိုကရက် အထက်လွှတ်တော်အမတ် Jack Reed နဲ့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တဲ့ Fortify Rights အဖွဲ့ဲရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က အခုလို သုံးသပ်ပါတယ်။
“အထက်နဲ့ အောက် လွှတ်တော်နှစ်ရပ်လုံးအနေနဲ့ အမျိုးသားကာကွယ်ရေး ခွင့်ပြုမိန့်ဥပဒေ NDAA ကို စက်တင်ဘာလမှာ ဆွေးနွေးကြဖို့ရှိပါတယ်။ ဒါပေမယ့် ရခိုင်၊ ကချင်နဲ့ အခြားပြည်နယ်တွေမှာ ဖြစ်ခဲ့တဲ့ ရက်စက်လှတဲ့ ပြစ်မှုကျူးလွန်မှုတွေ အတွက် တာဝန်ရှိသူတွေကို အရေးယူမယ့် ပြင်းထန်ထိရောက်လှတဲ့ ဒဏ်ခတ်အရေးယူနိုင်ဖို့ အလားအလာတွေ ချမှတ်ဖို့အမေရိကန်အစိုးရအနေနဲ့ ခွင့်ပြုဖို့ လိုအပ်နေတာပါ။ ဒါကြောင့် မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာစစ်တပ်အရာရှိ တဦးချင်းစီနဲ့ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာလည်း ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုကို အမေရိကန်အစိုးရက ပြဌာန်းနိုင်ဖို့ အတွက် NDAA ကို အထက်နဲ့ အောက်လွှတ်တော်နှစ်ရပ်လုံး အနေနဲ့ ပြင်ဆင်ချက်ဥပဒေဖြစ်တဲ့ Buram Act ကိုသဘောတူထောက်ခံကြဖို့ လွှတ်တော်နှစ်ရပ်လုံးအတွက် အခွင့်အလမ်းပဲဖြစ်ပါတယ်။”
အင်ကြင်းနိုင်။ ။ အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ Burma Act ကိုရော ဘယ်လိုမြင်လဲ။
Matthew Smith ။ ။လက်ရှိ အောက်လွှတ်တော်မှာ သဘောတူလိုက်ပြီဖြစ်တဲ့ Burma Act မှာ ကျနော်တို့ လိုချင်တဲ့အချက်အားလုံး မပါဝင်ပေမယ့် ပြင်းပြင်းထန်ထန်အရေးယူထားတဲ့ အချက်တွေတော့ ရှိပါတယ်။ ဒီနေရာမှာ ထပ်ပြောချင်တာက ဒီဥပဒေမူကြမ်းမှာ နောက်ဆုံးဘယ်လိုအချက်တွေ ပါဝင်ပြဌာန်းကြမလဲဆိုတာ သဘောတူ ဆုံးဖြတ်ကြဖို့ လွှတ်တော်အမတ်တွေမှာ အခွင့်အလမ်းတွေ ရှိနေပါတယ်။ ဒီပြဌာန်းချက်ဟာ မထင်မရှားဖြစ်သွားမှာမဟုတ်ပါဘူး။ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်ကျူးလွန်မှု၊ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု စတာတွေမှာ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေကို အမေရိကန်အစိုးရအနေနဲ့ ဘယ်လို တုန့်ပြန် ကိုင်တွယ်သင့်သလဲဆိုတာ အဆုံးအဖြတ်ပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေ အတွက် အခုချိန်မှာ ဒီလိုပြဌာန်းချက်မျိုး ချမှတ်နိုင်ဖို့ အလွန်ကို အရေးကြီးနေပါတယ်။
အင်ကြင်းနိုင်။ ။ အခု အထက်လွှတ်တော်မှာ ဒီ Burma Act ကို သဘောတူလက်ခံမယ့် အလားအလာ ရှိနေလား။
Matthew Smith ။ ။ကျနော်တို့ သိထားရသလောက်ဆိုရင် အထက်လွှတ်တော်အမတ် Mitch McConnell တယောက်ပဲ Burma Act မှာပါတဲ့ အချက်တွေကို ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇတ် ကျူးလွန်မှု၊ လူသားထုအပေါ် ရာဇဝတ်ကျူးလွန်မှု တွေကို တုန့်ပြန်ဖို့ အမေရိကန် အစိုးရ အနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ လွှတ်တော်မှာ ကျနော်တို့ ထိတွေ့ခဲ့ရတဲ့ အမတ်အများစုက သဘောတူကြပါတယ်။ ဆိုတော့ အခုချိန်မှာ အထက်လွှတ်တော်အမတ် McConnell အနေနဲ့ ဘယ်လို တုန့်ပြန်မလဲ ကိုင်တွယ်မလဲဆိုတာ အသေအချာမသိသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ သူ့ကို တိုက်တွန်းနေတာက ဒီဥပဒေကို အတတ်နိုင်ဆုံး သဘောတူဖို့ ဖြစ်ပါတယ်။
အင်ကြင်းနိုင်။ ။ ဒီလို အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုတွေဟာ မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် တကယ်ပဲ ထိရောက်မှုရှိလား။
Matthew Smith ။ ။ချက်ချင်း သက်ရောက်မှု ဆိုရင်တော့ မြန်မာအာဏာပိုင်တွေဟာ ဒီလိုပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ရင် စိတ်အနှောင့်အယှက် ဖြစ်ကြတာပါ။ အရင် သမ္မတဟောင်း ဦးသိန်းစိန် တုန်းကဆိုရင် နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းဖို့ သူ့အနေနဲ့ ကြိုးစားသွားမှာဖြစ်တယ်လို့ အာဏာယူတဲ့ အချိန်မှာ ပြောခဲ့တာပါ။ အမေရိကန် အစိုးရကိုလည်း ကတိပေးခဲ့တာတွေ ရှိနိုင်ပါတယ်။ တချို့အချက်တွေကို ဦးသိန်းစိန်အနေနဲ့ လုပ်ပြနိုင်ခဲ့သလို၊ အချို့အချက်တွေ ကိုတော့ မလုပ်နိုင်ခဲ့ပါဘူး။ အဲတော့ မြန်မာစစ်တပ်နဲ့ နိုင်ငံရေး ထိပ်ပိုင်းခေါင်းဆောင်တွေ ထဲမှာ ဒဏ်ခတ်အရေးယူမှုတွေ ရှိမှာကို မလိုလားကြဘူးဆိုတာ ကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် အခုချိန်မှာ အမေရိကန် အစိုးရ အတွက် ပြင်းထန်နိုင်သမျှ ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု ချမှတ်ရေး အသင့်တော်ဆုံး အချိန်ပဲလို့ ကျနော်မြင်ပါတယ်။
၂၀၁၉ Burma Act ကို အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ လက်ရှိ ဥက္ကဋ္ဌ ဒီမိုကရက် လွှတ်တော်အမတ် Eliot Engel နဲ့ အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီ အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ ဥက္ကဋ္ဌဟောင်း ရီပါပလင်ကန်အမတ် Steve Chabot တို့က ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5