ကိုရီးယားကျွန်းဆွယ်မှာ ကန် ပူးတွဲစစ်ရေးလေ့ကျင့်

ကန် နှင့် ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူကောင်းယူဖို့ စဉ်းစားထားကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောနေချိန်မှာပဲ၊ အင်အားပြတဲ့အနေနဲ့ အမေရိကန်က ကိုရီးယားကျွန်းဆွယ်မှာ မနေ့တုန်းက ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ဂျက်တိုက်လေယာဉ်တွေနဲ့အတူ အမေရိကန်က အသံထက်မြန်တဲ့ ဗုံးကြဲလေယာဉ်တွေဟာ ကိုရီးယားကျွန်းဆွယ် အရှေ့နဲ့ အနောက်ဖက် ကမ်းရိုးတန်းဒေသတွေမှာ မစ်ဇိုင်းဒုံးပစ်ခတ်စမ်းသပ်မှုတွေ အပါအဝင် ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြတာပါ။ အကြံပေးပုဂ္ဂိုလ်တွေ၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Henry Kissinger တို့နဲ့ တွေ့ဆုံခဲ့တဲ့ သမ္မတ Trump ကတော့ မြောက်ကိုရီးယားအရေး အမေရိကန်က ပုံစံသစ်နဲ့ ချဉ်းကပ်မယ့်အကြောင်း မနေ့တုန်းကပဲ ပြောဆိုလိုက်ပါတယ်။

"ခေတ်အဆက်ဆက် လမ်းလွဲလိုက်ခဲ့ကြပြီး၊ နှစ်ပေါင်းအစိတ်လောက်အတွင်း အစိုးရအဆက်ဆက်ရဲ့ လုပ်ပုံကိုင်ပုံတွေကြောင့် ကမ္ဘာပေါ်မှာ မကြုံဖူးတဲ့ ပြဿနာတွေ ပေါ်ခဲ့ရကြောင်းနဲ့ အခုအခါမှာတော့ လမ်းကြောင်းမှန်ပေါ် ရောက်လာနေပြီဖြစ်ကြောင်း " သမ္မတ Trump က ပြောဆိုလိုက်တာပါ။ အမေရိကန်နဲ့ မဟာမိတ်တွေ တိုက်ခိုက်ခံရတဲ့အခါ အကာအကွယ်ပေးဖို့ လိုအပ်လာခဲ့ရင်၊ မြောက်ကိုရီးယားကို ချေမှုန်းပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ အပါအဝင် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အပြန်အလှန် ထိုးနှက်ပြောဆိုမှုတွေ သီတင်းပတ်နဲ့ချီ ကြုံခဲ့ရပြီး နောက်မှာပဲ သမ္မတ Trump က မှတ်ချက်ပေးပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားကတော့ ဂျပန်နိုင်ငံပေါ်ကနေ ကျော်ဖြတ်ပစ်ခတ်ခဲ့တာ အပါအဝင် မစ်ဇိုင်းဒုံးနဲ့ နျူကလီးယား စမ်းသပ်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တာပါ။ ကြီးထွားလာနေတဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံး ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ပတ်သက်လို့ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယား အဆင့်မြင့် သံတမန်တွေ အောက်တိုဘာလ ၁၈ ရက်၊ ရှေ့လာမယ့် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်ထားပါတယ်။

Your browser doesn’t support HTML5

ကိုရီးယားကျွန်းဆွယ်မှာ ကန် ပူးတွဲစစ်ရေးလေ့ကျင့်