လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Ursula Mueller ဟာ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံထဲက ပဋိပက္ခတွေကို ကိုယ်တိုင် လေ့လာပြီး၊ ဝိုင်းကူဖြေရှင်းပေးဖို့ မြန်မာနိုင်ငံကို ဧပြီလ ၂ ရက် တနင်္လာနေ့မှာ ရောက်ရှိသွားပါပြီ။ ဒီကနေ့ တနင်္လာနေ့မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်လည်းဖြစ်၊ OCHA ခေါ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမူးရုံးရဲ့ အရေးပေါ်ကယ်ဆယ်ကူညီရေးဆိုင်ရာ ဒုတိယအကြီးအကဲလည်း ဖြစ်တဲ့ Ursula Mueller ဟာ ဧပြီလ ၂ ရက်နေ့မှာပဲ ရန်ကုန်မှာ နိုင်ငံတကာနဲ့ ပြည်တွင်း NGO တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို အင်္ဂါနေ့မှာတော့ နေပြည်တော်ကို သွားရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ရန်ကုန် OCHA ရုံးက VOA ကိုပြောပါတယ်။
နေပြည်တော်မှာ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအဝင် ပြည်ထောင်စုအဆင့်အရာရှိကြီးတွေနဲ့ တွေ့ဆုံမှာသလို၊ နေပြည်တော်ခရီးစဉ်အပြီး ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပြီး သောကြာနဲ့ စနေနေ့တွေမှာတော့ ကချင်ပြည်နယ်ကို သွားဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။
မစ္စ Mueller ရဲ့ ဒီခရီးစဉ်ဟာ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာပြဿနာနဲ့ ပတ်သက်ပြီး အခြေနေတွေကို ကိုယ်တိုင်သိရအောင်သွားရောက်တာဖြစ်ပြီး သူမရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ တပတ်ကြာမြင့်မှာ ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephen Dujarric က နယူးရောက်ရုံးချုပ်က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ခုလိုပြောပါတယ်။
“လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်လည်းဖြစ်၊ အရေးပေါ်ကယ်ဆယ်ကူညီရေး ဆိုင်ရာ ဒုတိယအကြီးအကဲလည်း ဖြစ်တဲ့ Ursula Mueller ဟာ မြန်မာနိုင်ငံကို ဧပြီလ ၂ ရက်ကနေ ၈ ရက်နေ့အထိ တပါတ်ကြာ သွားရောက်မှာ ဖြစ်ပါတယ်။ အခုလို သွားရတဲ့ ရည်ရွယ်ချက်က ရခိုင်ပြည်နယ်က ပြဿနာနဲ့ ကချင်နဲ့ရှမ်းပြည်နယ်တွေက တိုက်ပွဲဖြစ်ပွါးမှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ သက်ရောက်မှုအခြေနေတွေကို ကိုယ်တိုင်သိနိုင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် အဓိကသက်ဆိုင်သူတွေနဲ့ တွေ့ဆုံပြီး လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေ တိုးတက်စေမယ့် နည်းလမ်းတွေကို ဆွေးနွေးမှာလည်းဖြစ်ပါတယ်။”
မစ္စ Mueller ဟာ ရန်ကုန်နဲ့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေ လူသားချင်းစာနာမှုဆိုင်ရာအကူညီပေးနေတဲ့ မိတ်ဖက်အဖွဲ့တွေ အပြင် လူသားချင်းစာနာမှုဆိုင်ရာ ပြဿနာ ရိုက်ခတ်မှုခံနေရတဲ့ ဒေသတွေကိုပါ သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့လည်း ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ OCHA ရုံးရဲ့ မြန်မာနိုင်ငံဆိုင်ရာပြောခွင့်ရ Pierre Peron ကတော့ မစ္စ Mueller ဟာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အတွင်းရေးမှုးချုပ် ဖြစ်လာခဲ့ပြီးတဲ့နောက် ပထမဆုံး မြန်မာနိုင်ငံကိုလာရောက်တာ ဖြစ်ပြီး တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွါးနေတဲ့ပဋိပက္ခတွေကြောင့် ဖြစ်ပွါးလာတဲ့ ပြဿနာတွေကို ကိုယ်တိုင်လေ့လာမှာ ဖြစ်တဲ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ပြောပါတယ်။
“ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ လူသားချင်းဆိုင်ရာ ထိခိုက်ခံစားနေရတာတွေကို မျက်မြင်သွားကြည့်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက စစ်ရေးပဋိပက္ခတွေရဲ့ ထိခိုက်သက်ရောက်မူတွေကို လေ့လာတာအပြင်၊ ရခိုင်ပြဿနာ အဆုံးသတ်ရေးကိုလဲ ဝိုင်းအဖြေရှာပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ပြည်နယ်အဆင့် အစိုးရ အရာရှိတွေ၊ နောက် ဒေသထဲက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးတဲ့အဖွဲ့တွေနဲ့ တွေ့ပြီး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။”
နိုင်ငံတကာရဲ့ ဝေဖန်တိုက်ခိုက်မှုတွေ တိုးလာနေတဲ့ ရခိုင်ပြဿနာဖြေရှင်းဖို့ ကြိုးပမ်းရာမှာ မစ္စ Mueller ဟာ စစ်တွေတဝိုက်က ရွှေ့ပြောင်းဒုက္ခသည် IDP စခန်းတွေနဲ့ မောင်တောက စခန်းတွေကို သွားရောက်ကြည့်ရှုချင်တဲ့ ဆန္ဒရှိတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အခုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင်း ဘယ်နေရာတွေကို သွားနိုင်မယ်ဆိုတာတော့ အတည်ပြုချက် မရသေးဘူးလို့လည်း ပြောပါတယ်။
တနင်္လာနေ့မှာပဲ Dr. Surakiart Sathirathai ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာပါ။ အကြံပေးအဖွဲ့က သူတို့ အဖွဲ့ရဲ့ ကနဦး အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းသွားရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အနာဂတ်ဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပါတယ်။
Your browser doesn’t support HTML5