ခွင့်ပြုချက် တောင်းခံရန် မလိုဘဲ သက်ဆိုင်ရာကို အသိပေးရုံနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နိုင်မယ့် ငြိမ်းချမ်းစွာ စုဝေးခြင်း နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။ ဒီဥပဒေဟာ တည်ဆဲငြိမ်းစုစီ ဥပဒေကို ပြန်လည်အသစ်ရေးဆွဲလိုက်တဲ့ ဥပဒေတခု ဖြစ်ပါတယ်။ ဒီအသစ် တင်လာတဲ့ ဥပဒေကြမ်းမှာ အရင်တည်ဆဲ ငြိမ်းစုစီမှာ သတ်မှတ် ထားတဲ့ ပြစ်မှုကျူးလွန်သူ ကို တရားစွဲတာမှာ စုဝေးလှည့်လည်ခဲ့တဲ့ ဆက်စပ်မြို့နယ် အားလုံးကနေ ပုဒ်မတွေတပ်ကာ တရားစွဲတာကို ပယ်ဖျက်ကာ စတင်ဖောက်ဖျက် ကျူးလွန်သည့် မြို့နယ် တရားရုံးကသာ စီရင်ပိုင်ခွင့်ရှိ ကြောင်း ဒီဥပဒေကြမ်းအသစ် မှာ ပြင်ဆင်ထားပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း ကမေခက ပေးပို့ ထားပါတယ်။
အခုထပ်မံတင်တဲ့ ဥပဒေသစ်မှာ တည်ဆဲ လူသိများတဲ့ ငြိမ်းစုစီဥပဒေကဲ့သို့ ခွင့်ပြုချက်တောင်းခံရန် မလိုတော့ဘဲ သက်ဆိုင်ရာကို အသိပေးရန်သာ လိုအပ် ကြောင်း ဥပဒေကြမ်း ဖော်ပြထားတယ်လို့ ဒီကနေ့အမျိူးသားလွှတ်တော်မှာ ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးကပြောပါတယ်။ ဥပဒေကြမ်းမှာ ပါဝင်တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး သူက-
"အဓိပ္ပါယ်ဖွင့်ဆိုချက်မှာကို အသိပေးတင်ပြချက်ဆိုပြီး ဒီလိုပြောင်းလဲထားတာ ရှိပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူ ဆောင်ရွက်တဲ့အခါမှာ တရားစွဲဆိုတဲ့ အဖွဲ့အစည်းအနေနဲ့ နဂိုဥပဒေတုန်းက Navigation မပါဘူး။ ဒီမှာတော့ ကျနော်တို့က မည်သူမဆို ဒီဥပဒေပါ ပြစ်မှုတခုကို ဖော်ဖျက် ကျူးလွန်ပါက ထိုသူကို သက်ဆိုင်ရာ တရားရုံးသို့ ၁၅ရက် အတွင်း တရားစွဲဆိုတင်ပို့ရမည် ဆိုတဲ့ Navigation ကိုထည့်ထားတာက ထူးခြားမှုအနေနဲ့ တင်ပြလိုပါတယ်။ စည်းကမ်းဖောက်ဖျက်လို့ အရေးယူတဲ့ အခါမှာလည်း ဆက်စပ်မြို့နယ်တွေရှိနေပြီး မြို့နယ် တရားရုံးတွေ အများကြီးမှာ တရားစွဲဆိုရင်ဆိုင်ရမယ့်အစား ပြစ်မှုကို စတင်ဖောက်ဖျက်ကျူးလွန်တဲ့ မြို့နယ်တရားရုံးကသာ စီရင်ပိုင်ခွင့်ရှိသည်ဆိုတာကိုလည်း ထည့်သွင်း ရေးဆွဲထားပါကြောင်း တင်ပြလိုပါတယ်။ "
ဒီဥပဒေဟာ တည်ဆဲ ငြိမ်းစုစီ ဥပဒေကို ပြန်လည် အသစ်ရေးဆွဲလိုက်တဲ့ ဥပဒေတခု ဖြစ်ပါတယ်။ ဒီလိုဥပဒေပြဌာန်းတာနဲ့ ပတ်သက်ပြီး နိုင်ငံသားအကျိုးစီးပွား အတွက်ပြဌာန်း တာဖြစ်ပေမယ့် နိုင်ငံတော် နဲ့ နိုင်ငံသားတွေအကျိုးစီးပွားကို ကာကွယ်ဖို့ လိုတာကြောင့် လူတိုင်း ကိုယ့်ကိုယ်ကိုယ် တာဝန်ယူတာဝန်ခံဖို့ လုပ်ဆောင်ရမှာဖြစ်တာကြောင့် ဒီ ဥပဒေကိုရေးဆွဲတာဖြစ်တယ် လို့ ဒေါက်တာမြတ်ဉာဏစိုးကပြောပါတယ်။
ဒါပေမယ့် နိုင်ငံတော်နဲ့ နိုင်ငံသားတွေအကျိုးစီးပွားကိုကာကွယ်ဖို့ ဒီဥပဒေမှာ ဘယ်လိုဥပဒေနဲ့ကာကွယ်မလဲဆိုတာ ကိုတော့ အသေးစိတ်မပြောခဲ့ပါဘူး။
" နိုင်ငံသားတို့ရဲ့ အခွင့်အရေးကို ဥပဒေနဲ့အညီ စနစ်တကျ သုံးစွဲဆောင်ရွက်ရမှာ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်ရေးအတွက် မူလဥပဒေ အတွက် ပြင်ဆင်တဲ့ဥပဒေတွေ အစား ဒီဥပဒေကြမ်းရေးဆွဲပြီး လွှတ်တော်သို့ ရေးဆွဲတင်သွင်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။"
ဒီဥပဒေကြမ်းနဲ့ပတ်သတ်ပြီး နိုင်ငံရေးသမားအများစုကတော့ ထောက်ခံကြိုဆိုကြပါတယ်။ ဒါပေမယ့် တချို့ကတော့ မလိုလားအပ်တဲ့ အဖျက်လုပ်ငန်းတွေပေါ်လာနိုင်မ လားဆိုပြီးထောက်ပြမှုတွေရှိပါတယ်။
ဒီအပေါ် ဥပဒေပညာရှင်လည်းဖြစ် အမျိုးသားဒီမိုကရေစီပါတီသစ်က ဦးသိန်းညွှန့် ကတော့ ဥပဒေအသစ်ပြဌာန်းတာကိုကြိုဆိုပြီး ဒီ ဥပဒေက ဒီမိုကရေစီနိုင်ငံတခု ထူထောင်ရာမှာ အထောက်အကူပြုနိုင်မှာဖြစ်တယ်လို့ အခုလိုသုံးသပ်ပါတယ်။
"ဒီမြို့နယ်တမြို့နယ်တည်းမှာပဲ တရားစွဲရမယ်ဆိုတာကို ကျနော် သဘောတူတယ်။ မြို့နယ်အဆင့်ဆင့်မှာ အရေးယူတာက လက်တွေ့မှာ အင်မတန်မှ ညှင်းပမ်းနှိပ်စက်တဲ့ သဘော သက်ရောက်တယ်လို့ ကျနော် ထောက်ပြခဲ့ဖူးတာ ရှိပါတယ်။ အခုလို ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်တဲ့ အခါမှာ အကြမ်းဖက်မှုပြုတဲ့အခါ တည်ဆဲဥပဒေအရ အရေးယူလို့ရတာပဲ။ သတ်မှတ်ပေးထားတဲ့ ဘောင်ကို ကျော်လာရင် ပြစ်မှုတခုက ပြဌာန်းထားတဲ့ဟာနဲ့ ညှိစွန်းရင်တော့ ညှိစွန်းတဲ့ ပုဒ်မတွေနဲ့ အရေးယူခံရမယ်။ ရာဇသတ်ကြီးက တခြားဘက်ကတော့ မသိဘူး နိုင်ငံတော်ဘက်က အကာအကွယ်ယူထားတဲ့နေရာမှာ လိုတာမရှိပါဘူး။ ပိုရင်သာပိုပါမယ်။"
နိုင်ငံရေးလေ့လာသုံးသပ်သူ သတင်းစာ ဦးစည်သူအောင်မြင့်ကတော့ အသစ်ပြန်ရေးဆွဲတဲ့ ဒီဥပဒေကြမ်းအပေါ် အခုလိုသုံးသပ်ပါတယ်။
" ပြည်သူတွေရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကိုလည်း ခွင့်ပြုပေးရမယ် တဖက်ကပေါ့နော် တဖက်ကလည်း လုံခြုံရေးအရ တိုင်းပြည်ထဲမှာ ဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလည်း ပိုဆိုးတဲ့အခြေအနေသက်ရောက်မှုတွေ မဖြစ်လာအောင် လည်း တားဆီးကာကွယ်ပေးထားတဲ့အချက်တွေလည်း ပါရမယ်။ အဲ့နှစ်ခုကြား ထဲမှာပေါ့။ ရှေ့မှာ ရှိထားတဲ့ ဥပဒေတွေမှာက အားနည်းချက်တွေ ရှိနေတယ်။ ဒီအားနည်းချက်တွေကို ပယ်ဖျက်ပြီးတော့မှ ပိုပြီးတော့မှ လက်တွေ့ကျတဲ့ ပိုပြီးတော့မှ ပြည်သူလူထုတွေရဲ့ ဆန္ဒတွေ ထုတ်ဖော်ခွင့်ရတဲ့ဟာမျိုးကိုလည်း လုပ်မယ်ဆိုရင်တော့ ဒါကတော့ ကောင်းတဲ့ကိစ္စလို့မြင်တယ်။ အရင်သမ္မတ ဦးသိန်းစိန် လက်ထက်က ပြဌာန်းပေးခဲ့တဲ့ ငြိမ်းစုစီဥပဒေဟာ တကယ့်တကယ် လက်တွေ့မှာတော့ ဆန္ဒပြလို့ ထုတ်ဖော်လို့ မရလောက်အောင် ကန့်သတ်ထားတာတွေ အဲ့တာတွေ သွားတွေ့ရတယ်။ အဲ့ဒီ့ဥစ္စာတွေက သိပ်သဘာဝမကျဘူး။"
အရင်တုန်းကဆိုရင် ဒီငြိမ်းစုစီပုဒ်မ ၁၈ကြောင့် ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အရေးယူတာမှာ မြို့နယ်တခုချင်းဆီအလိုက် အရေးယူမှုတွေရှိခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ လက်ပံတန်းကျောင်းသားသပိတ်မှာ ပါဝင်တဲ့ကျောင်းသားတွေကို အရေးယူတာ မှာ ပုဒ်မ ၁၈ကြောင့် မြို့နယ်တခုချင်းစီ အလိုက် အရေးယူမှုတွေ ရှိခဲ့ပြီး ကျောင်းသား တဦးကို ပုဒ်မတွေအများကြီးနဲ့ တရားစွဲဆိုတာတွေရှိ ခဲ့တာကြောင့်ဝေဖန်မှုတွေရှိခဲ့ပါတယ်။
ဒီပြင် ဒီဥပဒေ ရဲ့ နည်းဥပဒေကို ထုတ်ပြန်လိုက်တာမှာလဲ တင်းကျပ်တာတွေ ရှိတာကြောင့် တက်ကြွလှုပ်ရှားသူတွေက ဒီဥပဒေကိုပြင်ဆင်ဖို့ ထောက်ပြဝေဖန် တာတွေ ရှိခဲ့ပါတယ်။ အခုအသစ်ရေးစွဲတာမှာ ဒီအချက်ကိုပြင်ဆင်ထားတာကြောင့် တက်ကြွလှုပ် ရှားသူတွေနဲ့ နိုင်ငံရေးသမား အများစုကတော့ ထောက်ခံကြိုဆိုကြ ပါတယ်။ ခုလက်ရှိမှာတော့ တည်ဆဲ ငြိမ်းစုစီ ဥပဒေအရပဲ စီတန်းလှည့်လည်တာကို လက်ခံကျင့်သုံးဦးမှာဖြစ်ပါတယ်။