နိုင်ငံပေါင်း ၂၀ ကျော် ကချင်တိုင်းရင်းသားတွေ ဝါရှင်တန်မှာ တွေ့ဆုံကြမည်

ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့ ကချင်တိုင်းရင်းသားများ ဆန္ဒပြနေကြစဉ် (ဓါတ်ပုံ- Kachin Alliance)

မြန်မာနိုင်ငံ ကချင်ပြည်နယ်မှာ ပြင်းထန်နေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေ အရေး နိုင်ငံပေါင်း ၂၀ ကျော်မှာ နေထိုင်နေကြတဲ့ ကချင်တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးပူးပေါင်းဆောင်ရွက်ဖို့ ကချင်ညီလာခံ တရပ်ကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာ အခု သတင်းပတ်ကုန်မှာ လေးရက်ကြာ ကျင်းပဖို့ရှိပါတယ်။

လက်ရှိ ပဋိပက္ခတွေကြောင့် ကချင်တိုင်းရင်းသားတွေအပေါ် ဖိနှိပ်မှုပြင်းထန်လာတဲ့အခြေအနေကို အထူးပဲ စိုးရိမ်မကင်းဖြစ်မိကြောင်းပြည်ပရောက် ကချင်ခေါင်းဆောင်တွေက ပြောပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်ပြောပြမှာပါ။

ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲ အခြေအနေတွေမှာ ဆိုးရွားနေတဲ့ အပေါ် နိုင်ငံတကာက စိုးရိမ်မကင်းဖြစ်မှုတွေ တိုးလာနေတဲ့ စစ်ဘေးဒုက္ခသည်တွေ အရေး ပထမဆုံးအကြိမ် ပြည်ပရောက် ကချင်တိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲ ကို မေလ ၁၉ ရက်နေ့မှာ စတင်ကျင်းပဖို့ ရှိကြောင်း အဓိက ဦးဆောင်သူတဦးဖြစ်တဲ့ ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum Sang က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ကချင်တိုင်းရင်းသားတွေက နိုင်ငံခြားရောက်နေကြတာ နိုင်ငံ (၂၀) ကျော်သွားပါပြီ။ ကျနော်တို့ အချင်းချင်းကလည်း တခါမှ ကောင်းကောင်းတွေ့ဆုံမှု မရှိခဲ့ဘူးဆိုတော့ အခုချိန်မှာ ကျနော်တို့ အစည်းအဝေးလုပ်ပြီးမှ ကျနော်တို့အားလုံး နိုင်ငံ (၂၀)ကျော်ပါရှိတဲ့ ကချင်တိုင်းရင်းသားတွေအားလုံး တွေ့ဆုံဖို့အတွက် ဝါရှင်တန်ကို ဖိတ်တာပါ။”

ကချင်ဒေသမှာ မြန်မာစစ်တပ်ရဲ့ ပြင်းထန်တဲ့ ထိုးစစ်နဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သောင်းနဲ့ချီ စစ်ဘေးဒုက္ခသည်တွေ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အခြေအနေ စတာတွေကို နိုင်ငံတကာ သိရှိနိုင်ဖို့ အချက်အလက် အထောက်အထားတွေ တင်ပြနိုင်ရေးအတွက် ညီလာခံမှာ ဆွေးနွေးမှာဖြစ်တယ်လို့ Gum Sang က ဆိုပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကချင်တိုင်းရင်းသားတွေက တနေ့ထက်တနေ့ ပိုများလာတာမရှိဘူး။ ပိုနည်းလာပြီး ထွက်ပြေးရတာက ပိုများနေတာ။ နောက်တခုက ကျနော်တို့ရဲ့ identity က ပိုပြီးမှ ပျောက်ကွယ်လာတဲ့ သဘောသဘာဝတွေရှိတယ်။”

ဒါအပြင် ညီလာခံမှာ ကချင်တိုင်းရင်းသားတွေရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုဓလေ့တွေ မပျောက်ကွယ်အောင် ထိန်းသိမ်းဖို့ ကိစ္စကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ရဲ့ ရိုးရာထုံးတမ်းဓလေ့၊ နောက် ကျနော်တို့ရဲ့ ဘာသာစကားတွေ မတိမ်းကောရအောင် နိုင်ငံခြားမှာရောက်နေပေမယ့်လည်း ဘယ်လို ထိန်းသိမ်းကာကွယ်မလဲဆိုတာကိုလည်း ပြောဖို့ရှိပါတယ်။”

ညီလာခံကို တက်ရောက်လာမယ့်သူတွေထဲမှာ ဘာသာရေး၊ လူမှုရေးမှာ ထင်ရှားတဲ့ ကချင်ခေါင်းဆောင်တွေလည်း ပါဝင်ဖို့ရှိကြောင်း Gum Sang ကဆိုပါတယ်။

“ကျနော်တို့ရဲ့ ဘာသာရေးဘက်ကရော၊ အသင်းတော်ခေါင်းဆောင်တွေရော လေ့လာသူတွေအနေနဲ့ ခေါ်ထားတယ်။ နောက် ကျနော်တို့ရဲ့ community ခေါင်းဆောင်တွေကိုလည်း ခေါ်ထားပါတယ်။ အကုန်လုံးပါဝင် နားထောင် လေ့လာကြဖို့ပေါ့။”

ညီလာခံရလာဒ်အဖြစ်လည်း ပြည်ပရောက် ကချင်တွေ အားလုံးပူးပေါင်းဆောင်ရွက်ရေးကို မျှော်မှန်းထားတယ်လို့ Gum Sang ကပြောပါတယ်။

ဧပြီလ (၁၁)ရက်နေ့ကစပြီး ကချင်ပြည်နယ်အနှံ မြန်မာတပ်မတော်က အပြင်းအထန် ထိုးစစ်တိုက်လာတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ကချင်စစ်ဘေးဒုက္ခသည် ၁၀,၀၀၀ နီးပါးရှိနေကြောင်း ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ စစ်ဘေးဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။ သေနတ်ပစ်သံတွေ၊ မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တွေ ကောင်းကင်မှာ ဝဲပျံသံတွေကြောင့် လယ်ကွင်းတွေထဲ ရက်အတန်ကြာ ပုန်းအောင်းခဲ့ကြသလို ဒုက္ခသည်စခန်းတွေရောက်ရှိဖို့ တောတောင်တွေထဲမှာလည်း ရက်ပေါင်းများစွာ ပိတ်မိနေခဲ့ကြတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

Your browser doesn’t support HTML5

နိုင်ငံပေါင်း ၂၀ ကျော် ကချင်တိုင်းရင်းသားတွေ ဝါရှင်တန်မှာ တွေ့ဆုံကြမည်