ကိုဝလုံး နဲ့ ကိုကျော်စိုးဦး လွတ်မြောက်ရေး ကုလ အကြီးအကဲ ကြိုးပမ်းသွားမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres

နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက စက်တင်ဘာလ ၃ ရက်နေ့မှာ ဖြစ်မှုထင်ရှား တွေ့ရှိပြီး ထောင်ဒဏ် (၇) နှစ်စီ ထောင်ဒဏ် ချမှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းနဲ့ အာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် သုံးသပ်ဖို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်ထားပါတယ်။

ဒီမိုကရေစီဖော်ဆောင်ရာမှာ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်ဟာ အခြေခံ အုတ်မြစ်ဖြစ်တဲ့အကြောင်း၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအပေါ် ကြီးလေးတဲံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း သတင်းယူမှုအတွက် အခုလို သတင်းထောက်တွေအပေါ် နှိပ်ကွပ် အရေးယူတာဟာ လက်ခံနိုင်စရာ မရှိကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ပြန်လည် လွတ်မြောက်ရေးအတွက် အတွင်းရေးမှူးချုပ်က ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်တဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး အားလုံးတို့ကို အပြည့်အ၀ လေးစား လိုက်နာဖို့ တိုက်တွန်းတဲ့အကြောင်း အတွင်းရေးမှူးချုပ် Guterres က တနင်္လာနေ့ထုတ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တချိန်ထဲမှာဘဲ လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး အဖြစ် မကြာသေးခင်က စတင်တာဝန်ယူခဲ့တဲ့ Michelle Bachelet ကလည်း ရိုက်တာ သတင်းထောက် ၂ ဦးတို့ဟာ သူတို့ တာဝန် သူတို့ ထမ်းဆောင်တာမို့ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Your browser doesn’t support HTML5

ကိုဝလုံး နဲ့ ကိုကျော်စိုးဦး လွတ်မြောက်ရေး ကုလ အကြီးအကဲ ကြိုးပမ်းသွားမည်