မြန်မာ့ အကြပ်အတည်း ကုလလုံခြုံရေးကောင်စီ ဆွေးနွေး

မှတ်တမ်းဓာတ်ပုံ- အိုင်ယာလန် သံအမတ်ကြီး။

(Zawgyi/ Unicode)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနလာၤနေ့က မြန်မာ့ နိုင်ငံရေးနဲ့ လူသားချင်း စာမှုဆိုင်ရာ အကြပ်အတည်းတွေကို တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံကို သွားရောက်ခွင့်ရရေးနဲ့ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံနိုင်ရေး အပြင်းအထန် ကြိုးစားနေကြောင်း အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။ မြန်မာ့ အရေး လုံခြုံရေးကောင်စီဘက်က ပွင့်ပွင့်လင်းလင်း ပြောဆိုရေးကိုလည်း တိုက်တွန်းခဲ့ကြောင်း တံခါးပိတ် အစည်းအဝေးတက်တဲ့ အိုင်ယာလန် သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်သူ အားလုံး ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်နိုင်ရေး အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ အာဆီယံရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Erywan Yusof က တနလာၤနေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေးတွင်း မြန်မာ့ အရေးကို တင်ပြခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီး Geraldine Byrne Nason က လုံခြုံရေး ကောင်စီ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ အခုအချိန်ထိ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်၊ နောက် ဖြုတ်ချခံ ဒီမိုကရေစီ အစိုးရအပါအဝင် သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခွင့် မရနိုင်သေးကြောင်း အထူးကိုယ်စားလှယ်ထံက ဒီမနက် ကြားရတဲ့ ကိစ္စက စိတ်မကောင်းစရာပါ။ သူ့အနေနဲ့ အပြင်းအထန် ဆက်လက် ကြိုးပမ်းနေကြောင်း တင်ပြသွားပါတယ်။ ”

မြန်မာ့ နိုင်ငံရေး အကြပ်အတည်း ကိစ္စမှာ အာဆီယံ- အရှေ့တောင် အာရှ နိုင်ငံများ အသင်းက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင် ဆောင်ရွက်နေကြောင်း၊ မကြာခင်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး ညီလာခံမှာလည်း တပ်မတော်ကို တက်ခွင့် မပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း ထောက်ခံကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အိုင်ယာလန် သံအမတ်ကြီးက ပြောပါတယ်။ လုံခြုံရေး ကောင်စီဘက်ကလည်း မြန်မာ့ အရေးကို ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ ထပ်ပြီး တိုက်တွန်းခဲ့ကြောင်းလည်း ပြောပါတယ်။

လုံခြုံရေးကောင်စီဘက်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုတာကို တွေ့မြင်လိုကြောင်း ကျမတို့ ပြောခဲ့ပါတယ်။ လူသားချင်း စာနာမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေ၊ နောက် အထူးသဖြင့် ရှေ့တန်းက ပါဝင်နေကြတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ၊ ဆန္ဒပြသူတွေ အပေါ် နှိပ်ကွပ်မှုတွေကိုလည်း ကျမတို့ သိရှိထားပါတယ်။ ဒါတွေကို အဆုံးသတ်စေချင်ပါတယ်။ ဆွေးနွေးညှိနှိုင်းမှုကို တွေ့မြင်လိုပါတယ်။ ဒါပေမယ့်လည်း ဒီမနက်ခင်းမှာ ကျမတို့ဘက်က ထပ်ပြီး တိုက်တွန်းတာကတော့ လုံခြုံရေး ကောင်စီ အနေနဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုပြီး ဒီကိစ္စတွေကို စောင့်ကြည့်နေတယ်ဆိုတာကို မြန်မာပြည်သူတွေကို အသိပေးဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ နိုင်ငံရေး ဆက်ဆံရေးဌာနများရဲ့ အာရှ-ပစိဖိတ်ဆိုင်ရာရုံး ညွှန်ကြားရေးမှူး Peter Due လည်း လုံခြုံရေး ကောင်စီ ရှေ့မှောက်မှာ မြန်မာ့ အရေးကို တင်ပြခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက မဲအများစု အနိုင်ရခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ တနှစ်ပြည့်ချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက မြန်မာ့ နိုင်ငံရေး အခြေအနေကို တံခါးပိတ် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တပ်မတော် အနေနဲ့ မြန်မာပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့လည်း တနလာၤနေ့မှာဘဲ ကုလသမဂ္ဂက ထပ်မံ တောင်းဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က တနလာၤနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က ထိန်းချုပ်လိုက်တာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်ဟာ လမ်းချော်သွားခဲ့ပါတယ်။ စစ်တပ် အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့နဲ့ နိုင်ငံကို ဒီမိုကရေစီ အသွင်းကူးပြောင်းမှု လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေမယ့် အခြေအနေ ဖန်တီးပေးဖို့ ကုလသမဂ္ဂဘက်က ထပ်မံပြီး တောင်းဆိုပါတယ်။ ”

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ တိုးလာနေပြီး တဆက်တည်းမှာဘဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေ များလာတဲ့ ကိစ္စတွေဟာလည်း အထူး စိုးရိမ်စရာကောင်းနေကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ တချိန်တည်းမှာဘဲ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကြပ်အတည်းတွေ အတွင်း အကူအညီ ပေးဖို့ လိုအပ်နေတဲ့ မြန်မာ ပြည်သူတွေကို ကူညီနိုင်ရေး ရန်ပုံငွေ မလုံလောက်တဲ့ အခြေအနေကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ရန်ပုံငွေ ထည့်ဝင်ကြဖို့ ကုလသမဂ္ဂက ထပ်မံ ပန်ကြားထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ အကြပ်အတည်း ကုလလုံခြုံရေးကောင်စီ ဆွေးနွေး


(Unicode)








