ရခိုင်အရေးတုံ့ပြန်မှု ကန် သတိကြီးကြီးထားသုံးသပ်မည်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ သတင်းစာရှင်းလင်း။

ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အရေးယူကိုင်တွယ်တဲ့နေရာမှာ အရင်လို တနိုင်ငံလုံး အတိုင်းအတာနဲ့ အရေးယူဒဏ်ခတ်တာမျိုးအစား၊ ဒီဖြစ်ရပ်မှာ တာဝန်ရှိသူတွေကို ပစ်မှတ်ထားအရေးယူဖို့ သတိကြီးကြီးထား သုံးသပ် သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးနဲ့ဗုဒ္ဓဟူးနေ့က လာရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး ပူးတွဲသတင်းစာ ရှင်းလင်းပွဲ အတွင်း ပြောကြားသွားခဲ့တာပါ။ အဲဒီသတင်းစာရှင်းပွဲကို နေပြည်တော်မှာ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ VOA သတင်းထောက် မစုမြတ်မွန်က အပြည့်အစုံဆက်ပြီးတင်ပြပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကနေ လူသားချင်းစာနာစရာပြဿနာ ကြီးဖြစ်လာခဲ့တဲ့ အတွက် အဲဒီပြဿနာကို အမေရိကန်အစိုးရအနေနဲ့ ဘယ်လိုအကောင်းဆုံး ကူညီဖြေရှင်းပေးနိုင်မလဲဆိုတာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson မြန်မာနိုင်ငံမှာ လာရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က နေ့ချင်းပြန်ခရီးစဉ်မှာ အရင်ဆုံးတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဝန်ကြီး Tillerson ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲနဲ့ နိုင်ငံရှေ့ဆက်တိုးတက်နိုင်ဖို့အတွက် စစ်တပ်ရဲ့ပူးပေါင်း ဆောင်ရွက်မှုဟာ သိပ်အရေးကြီးတယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သူပြောခဲ့တယ်လို့ ဝန်ကြီး Tillerson က သတင်းစာ ရှင်းပွဲမှာ ပြောပြပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်လို့ တပ်မတော်က စုံစမ်းမှုလုပ်ခဲ့တဲ့အပေါ် ကြိုဆိုတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာ လက်ခံနိုင် လောက်တဲ့ ဘက်မလိုက် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုးလုပ်နိုင်ဖို့ အရေးကြီးတယ်။ တာဝန်ရှိသူတွေကိုအရေးယူဖို့ အရေးကြီးတယ် ဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံစဉ်မှာပါ သူပြောခဲ့တယ်လို့ Mr. Tillerson ကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ တပ်မတော်ခေါင်းဆောင်တွေအပေါ် အမေရိကန်အစိုးရက ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေလုပ်ဖို့ စဉ်းစားနေချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာရောက်တာပါ။ တချိန်တည်းမှာ တပ်မတော်အပေါ် ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေကြမ်းတွေကို အမေရိကန် အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ ပြင်ဆင်နေတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဒီမိုကရေစီအပြောင်းအလဲတွေ လုပ်နေတဲ့ မြန်မာနိုင်ငံအပေါ် ခုလိုဒဏ်ခတ်မှုတွေလုပ်မယ်ဆိုရင် ဘယ်လောက် သက်ရောက်မှုရှိသွားနိုင်မလဲဆိုတာကို အမေရိကန်အနေနဲ့ တွက်ချက် သုံးသပ်ထားသလားလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ကျွန်မ မေးခွန်းမေးပါတယ်။ သူပြန်ဖြေတာက-

“မြန်မာနိုင်ငံအပေါ် တနိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံပြီး စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်တာမျိုး သိမ်းကျုံးမလုပ်သင့်ဘူးလို့ ကျနော်ထင်တယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီရေး အောင်မြင်ဖြစ်ထွန်းမှုကို ကျနော်တို့ မြင်တွေ့လိုပါတယ်။ မြန်မာနဲ့ဆက်ဆံရေးကောင်းထားပြီး၊ မြန်မာ့ ဒီမို ကရေစီရေးအတွက် အားပေးကူညီသွားချင်ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ စီးပွားရေးနဲ့ လူတွေအလုပ်အကိုင်ရရှိရေးကို ထိခိုက် သက်ရောက်မှု ရှိနိုင်မလား၊ ရခိုင်အရေးကို တကယ်ပဲ ကူညီဖြေရှင်းပေးနိုင်မလားဆိုတာ အတော်စဉ်းစားစရာပါ။ တဦးချင်းစီ ပစ်မှတ်ထား အရေးယူမှုတွေနဲ့ပတ်သက်လို့လည်း အချက်အလက်မှန်အပေါ် အခြေခံရမှာပါ။ ဒီဖြစ်ရပ်တွေအပေါ် အချက်အလက်အခိုင်အမာရရင်တော့ ဒီအပေါ် တာဝန်ရှိသူတွေကို ဒီတိုင်းထားလို့မရပဲ ဒီလူတွေကို ထိထိရောက်ရောက် ပစ်မှတ်ထားအရေးယူမှာပါ။ ဒီလိုအဖြစ်အပျက်တွေ ဘာကြောင့်ဖြစ်လဲ၊ အရေးယူဒဏ်ခတ်မှုလုပ်ဖို့ ပြောနေသူတွေ အကြောင်းပြချက်ရော လုံလောက်ရဲ့လား။ ဒုက္ခသည်စခန်းတွေက ထွက် လာတဲ့ ပုံတွေကြည့်တော့လည်း တခုခု မလုပ်မဖြစ်လုပ်ရမယ့်သဘောရှိနေပါတယ်။ ဒါပေမယ့် ဒီအရေးယူမှုတွေလုပ်ဖို့ ကြိုးပမ်းမှုတွေဟာ ကောင်းမွန်တဲ့ရည်ရွယ်ချက်အတွက်ပဲဖြစ်ပါတယ်။ အဲဒီမှာရှိနေတဲ့ လူတွေနဲ့ဖြစ်နေတဲ့ စိတ်မကောင်းစရာအခြေအနေတွေကို တနည်းနည်းနဲ့ အကူအညီပေးနိုင်ဖို့ပါပဲ။ ဒီအခြေအနေအပေါ် ဖိအားပေးခြင်းအားဖြင့်၊ သူတို့ကို အကူအညီပေးနိုင်မယ်လို့ ယူဆမှုတွေလည်းရှိပါတယ်။ ဒါကြေင့် ဝါရှင်တန်ဒီစီ ကျနော်ပြန်ရောက်တဲ့အခါမှာ ဒါတွေကို သတိကြီးကြီးထားပြီး သုံးသပ်မှာပါ။ ဒီခရီးစဉ်အတွင်းမှာ ကျနော် သိရှိ နားလည်ထားတဲ့ အချက်အလက်တွေကို အခြားသူတွေကို ပြန်လည်ပြောဆို ဆွေးနွေးသွားမှာပါ။”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သတင်းစာရှင်းပွဲမှာ ပြောသွားချက်တွေအရဆိုရင် အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အဝပေါ်ထွန်းဖို့အတွက်ကို အမေရိကန်က ဆက်ပြီးပံ့ပိုးကူညီသွားမယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို အောင်မြင်စေချင် တယ်ဆိုတာကို အလေးအနက်ပြောသွားတာကို သတိထားမိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်ရဲ့အားပေး နားလည်မှုအပေါ် မြန်မာနိုင်ငံက ကျေးဇူးတင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillersonနဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ မြန်မာနဲ့အမေရိကန်ကြား ခိုင်မာတဲ့ဆက်ဆံရေးကြောင့် လက်ရှိရင်ဆိုင်နေရတဲ့ အခက် အခဲတွေကို နားလည်မှုရှိစွာနဲ့ ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆောင်ရွက်တဲ့နေရာမှာ စံပြပုဂ္ဂိုလ်အဖြစ် နိုင်ငံတကာမှာ သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။ သူ့ရဲ့ ကြီးမားတဲ့ သြဇာအရှိန်အဝါကြောင့်လည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီအပြောင်းအလဲဖြစ်တွေဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ရခိုင်အရေးကြောင့် အဲဒီအရှိန်အဝါတွေ ထိခိုက်နေရပါတယ်။ ဒီလိုထိခိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေမှာ ဘယ်လောက် သက်ရောက်မှုတွေရှိမယ်ထင်သလဲဆိုတဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်မမေးပါတယ်။

“ကျမတို့နိုင်ငံရေးလုပ်တယ်ဆိုတာက သြဇာအာဏာရဖို့ လုပ်တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံပြည်သူလူထုအတွက် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုရဲ့ အသီးအပွင့်တွေကို ခံစားစေချင်လို့လုပ်တာပါ။ အဲဒီလို နိုင်ငံရေးလုပ်တဲ့အခါမှာ အတိုက်အခိုက်ခံရတယ် ဆိုတာဟာ ဘာမှ မထူးဆန်းပါဘူး။ ဒါက အရင်တုန်းက ပြည်တွင်းကလည်း တိုက်တယ်၊ အပြင်ကလည်း တိုက်တယ်။ အခုကျတော့ ပြည် သူတွေ ပြည်တွင်းက နားလည်မှုရှိတယ်၊ ပြည်ပကတော့ တိုက်တယ်ပေါ့။ ဒါတွေကတော့ ဖြစ်နေကျပါပဲ။ နိုင်ငံရေးလုပ်မှတော့ ဒီ လောကဓံကို ရင်ဆိုင်ရတာဟာ ဒါ နေ့တဓူဝဖြစ်စဉ်ပဲ တာဝန်ထမ်းဆောင်တဲ့ လူတိုင်း ရင်ဆိုင်ရမယ့် ကိစ္စတွေဖြစ်တာမို့ ကျမတို့ကတော့ ဒီလိုပဲ စိတ်ထဲမှာ ထားပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းပြန်လည် တိုးတက်ဖွံ့ဖြိုးရေးအတွက် သူဦးဆောင်တဲ့ UEHRD ကော်မတီကဆောင်ရွက်နေတယ်။ အဲဒီဆောင်ရွက်မှု တွေမှာ ပါဝင်ဖို့ ပြည်သူတိုင်းမှာ တာဝန်ရှိတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့အခြေအနေဟာ လူမျိုးပြုတ်သုတ်သင်ရှင်းလင်းတဲ့ အခြေအနေ ရောက်နေပြီလို့ အမေရိကန်အစိုးရက သတ်မှတ်ပြောကြားဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က တော့ အဲဒီအသုံးအနှုန်း သုံးသင့် မသင့်ဆိုတာ သုံးသပ်နေတုန်းပဲလို့ နေပြည်တော်မှာ လုပ်တဲ့သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ ရခိုင် ပြည်နယ်ပြဿနာ တုံ့ပြန်ဖြေရှင်းနိုင်ရေးနဲ့ အိုးအိမ်စွန့်ခွာခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန်အစိုးရက နောက်ထပ် ဒေါ်လာ ၄၇ သန်း ကူညီမယ်ဆိုတာကိုလည်း Mr. Tillerson က ကြေညာသွားခဲ့ပါတယ်။ ဒါ့အပြင် ကချင်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ အကြောင်း ကိုလည်း သူကထည့်သွင်းပြောသွားခဲ့ပြီး။ မြန်မာနိုင်ငံ ဒီမိုကရေစီအပြောင်းအလဲမှာ မ ျှတမှု။ ရေရှည်ခံတဲ့ ငြိမ်းချမ်းမှုရရှိဖို့ အရေးကြီးတယ်လို့ ဝန်ကြီး Tillerson ကပြောကြားသွားခဲ့ပါတယ်။