ဓါတုလက်နက် ပိတ်ပင်ရေး မြန်မာပါဝင်မှု ကန်ကြိုဆို

နယ်သာလန် နိုင်ငံ သည်ဟိဂ်မြို့က ဓာတုလက်နက် အသုံးပြုမှု တားမြစ်ရေး အဖွဲ့ဝင် နိုင်ငံတွေရဲ့ ၇၉ ကြိမ်မြောက် အစည်းအဝေးပွဲ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တက်ရောက်။

ကုလသမဂ္ဂ ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ OPCW မှာ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် သဘောတူလက်မှတ်ရေးထိုးလိုက် တာကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။

“ဓာတုလက်နက် ပိတ်ပင်တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ၁၉၁ နိုင်ငံမြောက်အဖြစ် မြန်မာနိုင်ငံက သဘောတူ လက်မှတ်ရေးထိုး လိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အပေါ် ကျနော်တို့ အပြည့်အဝထောက်ခံပြီး သဘောတူစာချုပ်ကို မြန်မာနိုင်ငံ အကောင်အထည်ဖော်တာမှာ ကျနော်တို့ရဲ့ လုပ်ငန်းပိုင်း ကျွမ်းကျင်မှုကို လိုအပ်သလို ကူညီထောက်ပံ့ဖို့ ဆက်ပြီး ကမ်းလှမ်းသွားမှာပါ။ ဒီစာချုပ်ကို မြန်မာနိုင်ငံက သဘောတူ လက်မှတ်ရေးထိုးလိုက်တာက ဓာတုလက်နက်တွေရဲ့ ဘေးအန္တရာယ် လုံး၀ ပပျောက်သွားအောင်လုပ်ဖို့ နိုင်ငံတကာအသိုင်း အဝိုင်းက ရည်မှန်းထားတာ နောက်တဆင့် ပိုပြီး နီးကပ်သွားတာပါပဲ။” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

အခုလို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးလိုက်တာကြောင့် နိုင်ငံတွင်းက ဓာတုပစ္စည်းဆိုင်ရာ ထုတ်လုပ်မှု၊ စမ်းသပ်မှုတွေကို နိုင်ငံတကာရဲ့စစ်ဆေးမှု ခံယူရတော့မှာဖြစ်ပါတယ်။

ဓာတုလက်နက် ထုတ်လုပ်၊ သိုလှောင်၊ အသုံးပြုမှုတွေကိုတားမြစ်တဲ့ OPCW အဖွဲ့ဝင် ဖြစ်လာတာကြောင့် မြန်မာနိုင်ငံဟာ ဓာတုလက်နက်ကင်းစင်တဲ့နိုင်ငံအဖြစ် နိုင်ငံတကာကို သက်သေပြဖို့ စစ်ဆေးခံဖို့ အဆင်သင့်ဖြစ်နေပြီလို့လဲ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန့်ကျော်က ဗွီအိုအေကိုပြောပါတယ်။