မြန်မာနိုင်င်ငံအရေး ဒေသတွင်းနိုင်ငံတွေနဲ့ ကန် လက်တွဲဆောင်ရွက် (အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki)

သတင်းစာရှင်းလင်းပွဲတခုတွေင် အိမ်ဖြူပြောခွင့်ရ Jen Psaki စကားပြောစဉ် (ဓာတ်ပုံ - AP)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေကို အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုတွေ ဆက်လက် ပေါ်ပေါက်နေတဲ့အပေါ် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်နေပါတယ်။ အကြမ်းဖက် နှိမ်နင်းမှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာက တောင်းဆိုနေတဲ့ကြားမှာပဲ နိုင်ငံအဝှမ်းက ဆန္ဒပြလှုပ်ရှားမှုတွေကို နှိမ်နင်းမှုကြောင့် ကြာသပတေးနေ့က အနည်းဆုံး ၁၁ ယောက် သေဆုံးခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုကလည်း စိုးရိမ်တဲ့ သဘောထားကို ထပ်မံ ပြောဆိုလိုက်တာပါ။

“မြန်မာနိုင်ငံမှာ လက်တွေ့ကြုံနေရတဲ့ အခြေအနေတွေဟာ စိတ်အနှောက်ယှက်ဖြစ်စရာ ကောင်းပါတယ်။ ဒီအတွက်လည်း ဒေသတွင်းက မိတ်ဖက်တွေနဲ့ အနီးကပ် လက်တွဲဆောင်ရွက်နေပါတယ်။ ဒီလုပ်ရပ်တွေကို လက်မခံနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သတင်းစကားပါးဖို့ အရေးယူဒဏ်ခတ်မှုတွေကိုလည်း ချမှတ်ခဲ့ပါတယ်။” လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုအတွက် အဓိက တာဝန်ရှိတဲ့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေအပြင်၊ မိသားစုဝင်တွေကိုပါ အမေရိကန်က ပစ်မှတ်ထား အရေးယူနေတာပါ။ ဗုဒ္ဓဟူးနေ့မှာ တုန်းကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သားဖြစ်သူ အောင်ပြည့်စုံ၊ သမီးဖြစ်သူ ခင်သီရိသက်မွန် နဲ့ သူတို့ ဦးဆောင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူလိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်အတွက် တာဝန်ယူမှုရှိအောင် အမေရိကန် အနေနဲ့ ဆက်လက် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်းလည်း ဗုဒ္ဓဟူးနေ့မှာပဲ ပြောဆိုထားပြီး၊ ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို နှိမ်နင်းမှုတွေ ချက်ခြင်းရပ်ဖို့၊ ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

..................................................

Your browser doesn’t support HTML5

မြန်မာနိုင်င်ငံအရေး ဒေသတွင်းနိုင်ငံတွေနဲ့ ကန် လက်တွဲဆောင်ရွက်



(Unicode)



