မြန်မာနိုင်ငံမှာ မွေးကင်းစကလေးသေဆုံးမှုက ကမ္ဘာ.အဆိုးဝါးဆုံး နိုင်ငံ (၁၃) နိုင်ငံထဲမှာပါနေတယ်လို့ UNICEF ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ နောက်ဆုံးအစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ဒီအပတ် ထုတ်ပြန်တဲ့ ဒီ UNICEF အစီရင်ခံစာအရ ကမ္ဘာ.အဆင်းရဲဆုံးနိုင်ငံတချို.မှာ တနှစ်အောက်အရွယ်ဖြစ်တဲ့ ဒီမွေးကင်းစသေဆုံးမှုက ဂျပန်နဲ့စင်္ကာပူလို အချမ်းသာဆုံးနိုင်ငံတချို.ထက် အဆပေါင်း (၅၀) အကြီးအကျယ်ကွာဟနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း အခြားဆိုးဝါးတဲ့နိုင်ငံတွေနည်းတူကျေးလက်ဒေသတွေထိသွားနိုင်တဲ့ သားဖွားဆရာမတွေ ပိုမွေးထုတ်ပေးဖို့က အရေးကြီးဆုံးလို့ ကျန်းမာရေးပညာရင်တွေကပြောတဲအကြောင်း VOA သတင်းထောက် Lisa Schlein တင်ပြထားတာကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။
ဒီ UNICEF အဖွဲ့ အမှုဆောင်ဒါရိုက်တာ Henrietta Fore က လွန်ခဲ့တဲ့ (၂၅) နှစ်အတွင်း (၁) နှစ်အထက်နဲ့ (၅)နှစ်အောက် ကလေးတွေရဲ့ သေဆုံးမှုနှုန်းတဝက်လျော့ချနိုင်ခဲ့ပေမဲ့၊ ဒီ တစ်နှစ်ထက်ငယ်တဲ့ မွေးကင်းစသေဆုံးမှုကိုတော့ အလားတူ တိုးတက်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ထောက်ပြလိုက်ပါတယ်။
အမှုဆောင် ဒါရိုက်တာ Fore က ဆက်ပြီး ခုလို မွေးကင်းစလေးတွေ သေရတဲ့ ရောဂါအများစုက ကာကွယ်လို့ရတာတွေဖြစ်ပြီး ၈၀% က လမစေ့ပဲမွေးတာ၊ မွေးဖွားစဉ် နောက်ဆက်တွဲပြဿနာကြောင့်နဲ့ အဆုပ်အအေးမိတာနဲ့ သွေးဆိပ်တက်တာအပါအဝင် ရောဂါပိုးဝင်တာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို စစ်တမ်းကောက်ခဲ့ရာမှာ ပျမ်းမျှခြင်းအားဖြင့် အဆင်းရဲဆုံးနိုင်ငံမှာ ကလေး ၁၀၀၀ မွေးခဲ့ရာမှာ (၂၇) ဦး သေခဲ့ရပြီး၊ချမ်းသာတဲ့နိုင်ငံတွေမှာတော့ ၁၀၀၀ မှာ သုံးဦးပဲ သေဆုံးခဲ့တယ်လို့ ဒီ UNICEF အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တကမ္ဘာလုံးမှာ ခုလိုမွေးကင်းစ အကြီးအကျယ်သေဆုံးနေရတာကို UNICEF အရာရှိ Meg French က-
“မွေးပြီး ပထမ လထဲမှာပဲ သေဆုံးရတဲ့ ကလေးကတကမ္ဘာလုံးမှာ တနှစ်ကို ၂.၆ သန်းတောင်ရှိနေပါတယ်။အဲ့ဒိတော့ တရက်ဆိုရင် ဒီမွေးကင်းစလေးပေါင်း ၇ ထောင်အထိ သေနေရတာပေါ့နော်၊ဒီကလေးတွေအတွက် ဝိုင်းကူပေးဖို့လိုနေပါပြီ။”
ကမ္ဘာတစ်ခုလုံးမှာ အဆိုးဆုံး သေဆုံးမှုကတော့ မွေးကင်းစ (၂၂) ယောက်မှာ တစ်ယောက်နှုန်းနဲ့ ဆင်းရဲတာအပြင် စစ်ပွဲတွေရှိနေတဲ့ ပါကစ္စတန်နိုင်ငံမှာဖြစ်ခဲ့ပြီး၊အရှေ.တောင်အာရှမှာ လာအိုးပြီးရင် အဆိုးဆုံးဖြစ်တဲ့ မြန်မာနိုင်မှာလဲမွေးကင်းစ ၁၀၀၀ မှာ ၂၅ ဦးနှုန်းနဲ့ သေဆုံးနေတယ်လို့ ဒီ UNICF က ဆက်ထောက်ပြခဲ့ပါတယ်။ ဂျပန်ကတော့ မွေးကင်းစ သေဆုံးမှု အနဲဆုံးအဖြစ် လူပေါင်း ၁၁၁၁ မှာမှ တစ်ယောက် အဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။
မြန်မာနိုင်ငံမှာ သင့်တော်တဲ့ သားဖွားဆရာမ မလုံလောက်ပဲ ကိုယ်စောင့်ရှောက်မှုအသိနည်းတာက အဓိက ပြဿနာလို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့က Dr. မြင့်ဦးက ဆိုပါတယ်။
“တော်တော်များများဆင်းရဲတဲ့နိုင်ငံတွေမှာက ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်မှုနည်းတတ်တယ်လေ။ နေရာတိုင်းမှာ မရနိုင်ဘူး။ ဝေးလံခေါင်ဖျားတဲ့ နေရာတွေပေါ့။ မြန်မာနိုင်ငံအနေနဲ့က ဆင်းရဲတဲ့နိုင်ငံတွေထဲမှာလည်းပါတယ်။ ကျန်းမာရေးစနစ်ကြီးတခုလုံးမှာ သားဖွားဆရာမတွေနဲ့တင် မလုံလောက်ဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေကိုယ်တိုင် ငါတို့က ကိုယ်ဝန်ရှိလို့ရှိရင် သားဖွားဆရာမနဲ့ဖြစ်ဖြစ်၊ ကျွမ်းကျင်သူတယောက်ယောက်နဲ့ အပ်ရမယ်၊ ကြည့်ရမယ်ဆိုတဲ့ အသိ သိပ်မရှိဘူး။”
UNICEF အရာရှိ Franch ကလဲ ဒီပြဿနာကို ဖြေရှင်းဖို့ ပထမ အရေးကြီးဆုံးက ကျေးလက်အရောက်သွားနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သင်တန်းပေးဖို့ပါလို့ ဆိုပါတယ်။
“မွေးလာတဲ့ကလေးတွေအတွက် အကောင်းဆုံးတစ်ခုကတော့ အန္တရာယ်ကင်းအောင် မွေးဖွားပေးနိုင်သူတွေ လက်ထဲစရောက်ဖို့ဆိုတာ ကျွန်မတို့ သိထားပါတယ်။အဲ့ဒိတော့ သင်တန်းပေးထားတဲ့ ဝမ်းဆွဲဆရာမတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ ရှိဖို့ပေါ့နော်။ဒီ မွေးမွေးချင်းမှာ အဆင့်မြင့် ဆေးရုံကြီးတွေမလိုသေးပါဘူး။ ကျေးလက်လူထုအကြား အရောက်သွားနိုင်တဲ့သင်တန်းပေးထားတဲ့ ကျန်းမာရေးလုပ်သားတွေရနိုင်ရင်ကို ပထမ အရေးကြီးတဲ့တဆင့် အောင်မြင်သွားပါပြီ။”
UNICEF အရာရှိ Franch က တခြားလုပ်ပေးနိုင်တဲ့ အရေးကြီးတာတွေက ရေကောင်းရေသန့်ရနိုင်ရေး၊ ပိုသန့်စင်ဆေးတွေသုံးနိုင်ရေး၊ မွေးပြီးချိန် မိခင် ရင်ခွင်ထဲ နွေးနွေးထွေးထွေး နို့တိုက်နိုင်ရေး၊ အာဟာရပြည့်ဝရေးတွေပါပဲလို့ ဆိုပါတယ်။
Dr. မြင့်ဦးကဆက်ပြီး မြန်မာနိုင်ငံမှာ ကိုယ်ဝန်စောင့်ရှောက်မှု အသိနည်းလို့ဖြစ်ရတဲ့ နောက်ပြဿနာတွေကို အခုလိုရှင်းပြပါတယ်။
“အဲတော့ မိခင်က အာဟာရချို့တဲ့မယ်။ နေ့မစေ့ လမစေ့ပဲ မွေးဖွားလာတာတွေ၊ ကလေးတွေ မွေးလာပြန်တော့လည်း ချက်ကြိုးတွေဖြစ်သလို ညှပ်တာတွေ၊ ခုတ်တာတွေ၊ ဒါတွေနဲ့ပဲ ကလေးသူငယ်တွေ သေရတာတွေရှိပါတယ်။”
ဒါ့အပြင် ပိုးဝင်တဲ့ရောဂါတွေကုသရာမှာ ဆင်းရဲတာကြောင့်လဲ အာဟာရနဲ့ ဆေးဝါး မလုံလောက်မှုက ပြဿနာဆက်ဖြစ်နေတယ်လို့ Dr. မြင့်ဦးက ဆက်ပြောပါတယ်။
ဒါ့အပြင် မွေးဖွားစဉ်နောက်ဆက်တွဲပြဿနာကြီးဖြစ်တဲ့ အောက်ဆီဂျင်မဝ သေဆုံးရတာအတွက်မြန်မာနိုင်ငံမှာ အဆင့်မြင့် စက်ကရိယာတွေ နည်းလွန်းနေသေးတယ်လို့ ဆက်ထောက်ပြပါတယ်။
UNICEF အနေနဲ့လည်း ခုလို မွေးကင်းစကလေးသေဆုံးမှု များလွန်းနေတဲ့ နိုင်ငံအစိုးရတွေအနေနဲ့ အားနည်းလွန်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကြီး တစ်ခုလုံးအတွက် ဘတ်ဂျက်ပိုသုံးသင့်တယ်လို့ ထောက်ပြလိုက်ပါတယ်။
Your browser doesn’t support HTML5