မြန်မာနိုင်ငံ အခြေအနေကောင်းလာအောင် အာဆီယံ မူ ၅ ချက်အတိုင်း စတင်လုပ်ဆောင်ဖို့ လိုအပ် (လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet)

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး ကျင်းပနေတဲ့မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး အခြေအနေ ဘက်ပေါင်းစုံက ဆုတ်ယုတ်လာနေတဲ့ မြန်မာနိုင်ငံ အခြေအနေဟာ ပြည်တွင်းစစ် ပိုပြီး ကျယ်ပြန့်လာနိုင်သလို ကျရှုံးနိုင်ငံဖြစ်ဖို့ အလားအလာတွေ ပိုပြီး များလာနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သတိပေးပါတယ်။ ဒီအခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူအားလုံး နိုင်ငံတော်အဆင့် ဆွေးနွေးအဖြေရှာကြရမယ်လို့လည်း တိုက်တွန်းလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်း တင်ပြပေးထားပါတယ်။

COVID-19 ကြောင့် စီးပွားရေး ထိခိုက်နေရတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၉၀၀ လောက် သေဆုံးပြီး လူပေါင်း ၂ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေကို ထပ်ပြီး ရောက်လာရတာကို ထောက်ပြပြီး မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ ဒါမှမဟုတ်လည်း ပြည်တွင်းစစ်တွေ ကျယ်ပြန့်လာမယ့် အလားအလာ များနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။

“လတ်တလော လပိုင်းတွေအတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပဋိပက္ခက လူ့အခွင့်အရေးဆိုင်ရာ ဘက်ပေါင်းစုံက ထိခိုက်လာတဲ့ ကပ်ဘေးကြီး ဖြစ်လာခဲ့ပါပြီ။ နိုင်ငံတဝန်း ရင်ဆိုင်နေရတဲ့ အတိဒုက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေး မျှော်လင့်ချက်ကို ပျက်စီးစေပြီး ကျရှုံးနိုင်ငံဖြစ်ဖို့ ဒါမှမဟုတ်လည်း ပြည်တွင်းစစ် ပိုပြီး ကျယ်ပြန့်လာဖို့ အလားအလာ များနေပါတယ်။ မြန်မာစစ်တပ် အာဏာသိမ်းလိုက်တာနဲ့ အတူပဲ အရပ်သား လူထုအပေါ် တိုက်ခိုက်မှုတွေဟာလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ တိုက်ခိုက်မှုအဖြစ်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲလာပါတယ်။”

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်မှာ အင်္ဂါနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ၄၇ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်း မြန်မာ့အရေး ဆွေးနွေးပွဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က မြန်မာ့အခြေအနေကို ဖတ်ကြား တင်သွင်းခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ပိုင်းက လူထုအပေါ် ဖိနှိပ်ဖြိုခွင်းနေပေမယ့်လည်း မြန်မာနိုင်ငံကို အောင်အောင်မြင်မြင် မထိန်းချုပ်နိုင်သလို သူတို့ကြိုးစားနေသလို နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုလည်း မရဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ထည့်သွင်း ပြောဆိုပါတယ်။ လက်နက်ကြီးတွေသုံးတာ အပါအဝင် အသက်ဆုံးရှုံး ဒဏ်ရာရစေလောက်တဲ့အထိ အင်အားသုံး နှိမ်နင်းနေတဲ့ ကြားကပဲ နိုင်ငံတဝန်းမှာ လူထုက ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြနေကြကြောင်း၊ အလုပ်မဆင်းရေး အာဏာဖီဆန်မှု လှုပ်ရှားမှုကြောင့် စစ်တပ်က အများစု ထိန်းချုပ်ထားတဲ့ အစိုးရယန္တရားက မလည်ပတ်နိုင် ဖြစ်နေကြောင်းလည်း မဟာမင်းကြီး Bachelet က ထပ်လောင်း ပြောပါတယ်။ စစ်တပ်ဘက်အနေနဲ့ အကြမ်းဖက်တာတွေ ရပ်ဖို့ အမေရိကန်ပြည်ထောင်စုကလည်း တောင်းဆိုပါတယ်။ ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံရုံးက တာဝန်ရှိသူတဦးဖြစ်တဲ့ Meryn Schneiderhan က...

“စစ်အုပ်စုဘက်က မြန်မာလူထုအပေါ် ရက်ရက်စက်စက် ဆက်ပြီး အကြမ်းဖက်နေတာတွေကို ချက်ချင်းရပ်ပြီး တာဝန်ရှိသူတွေကို အရေးယူရပါမယ်။ COVID-19 ကပ်ဘေးရောဂါ အပါအဝင် လက်ရှိ ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာလူထုသိရှိဖို့ လိုအပ်နေတဲ့ အခုလိုကာလမျိုးမှာ မြန်မာစစ်အုပ်စုဘက်က သတင်းသမားတွေနဲ့ သတင်းရယူမှုကို တားမြစ်ကန့်သတ်ရေးကို ပစ်မှတ်ထား လုပ်နေတာကလည်း တကယ့်ပြဿနာကြီး ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

SEE ALSO: ဒေသလုံခြုံရေး ထိခိုက်စေမယ့် မြန်မာပြည်တွင်းစစ် ဖြစ်လာနိုင် (လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet)

စစ်တပ်အနေနဲ့ အကြမ်းဖက်နေတာတွေ ရပ်တန့်ပြီး သတင်းထောက်တွေ၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို တရားဥပဒေမဲ့ ဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့၊ မီဒီယာနဲ့ အင်တာနက် တားမြစ်ကန့်သတ်နေတာတွေ ရုပ်သိမ်းဖို့လည်း အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ဆုတ်ယုတ်ကျဆင်းမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေးနဲ့ သတင်းအချက်အလက် ပိုပြီး ရရှိစေရေးအတွက် ဘယ်လို အရေးယူ ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ အမေရိကန် ကိုယ်စားလှယ်က မေးမြန်းခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက မြန်မာ့အကျပ်အတည်း ပြေလည်ရေး နိုင်ငံအဆင့် ဆွေးနွေးကြရမယ်လို့ အစည်းအဝေးမှာ ဖတ်ကြား တင်သွင်းခဲ့ပါတယ်။

“စစ်တပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ နောက် CDM အာဏာဖီဆန်ရေး လှုပ်ရှားမှု၊ အလုပ်သမားအဖွဲ့၊ ဆန္ဒပြကော်မတီတို့လိုမျိုး ဆန့်ကျင် လှုပ်ရှားမှုတွေ အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တနိုင်ငံလုံးအဆင့် ဆွေးနွေးပွဲ လုပ်ရပါမယ်။ အပြည့်အဝ တာဝန်ယူမှု တာဝန်ခံမှု ဆိုတာကိုလည်း နိုင်ငံရေးလုပ်ငန်းစဉ်မှာ ချန်ထားလို့ မရနိုင်ပါဘူး။ အပြစ်ရှိသူတွေကို ပြစ်ဒဏ်ကနေ ဆက်လက် ကင်းလွတ်ခွင့်ပြုမှုဟာ အနာဂတ် ဒီမိုကရေစီ၊ အမျိုးသား ပြန်လည်ညီညွတ်ရေး၊ ဖွံ့ဖြိုးရေး ဒါမှမဟုတ်လည်း တည်ငြိမ်အေးချမ်းရေးကို ဦးတည် ဆောင်ရွက်မှုတွေမှာ အဟန့်အတားသာ ဖြစ်စေပါတယ်။ အနာဂတ်မှာ ထွက်ပေါ်လာမယ့် မြန်မာ့ဒီမိုကရေစီ အစိုးရ အနေနဲ့ စစ်တပ်ကို အရပ်သားထိန်းချုပ်မှုအောက် ထားရှိနိုင်တဲ့ အခွင့်အာဏာမျိုး ရှိရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေးကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး အပါအဝင် ဆွေးနွေးတဲ့နိုင်ငံ အတော်များများက ပြောဆိုခဲ့ကြပါတယ်။ မဟာမင်းကြီး Bachelet က အခုလို ဆက်ပြောပါတယ်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ဟာဆိုရင် ဒီအခြေအနေကနေ ရှေ့ဆက်နိုင်ဖို့အတွက် အရေးကြီးတဲ့ စမှတ် ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ အခုထက် လူ့အခွင့်အရေး အခြေအနေ ထပ်ပြီး ဆိုးရွားမလာခင်မှာ ဒီလုပ်ငန်းစဉ်ကို မြန်မြန် အကောင်အထည်ဖော်နိုင်ဖို့ လုပ်ရပါမယ်။ ဒီကိစ္စကို လုံခြုံရေးကောင်စီဘက်ကလည်း အားပေးထောက်ခံသင့်ပါတယ်။ မြန်မာနိုင်ငံတွင်းကို လက်နက်တွေ မရောက်ရေး တားဆီးပိတ်ပင်ဖို့ အထွေထွေညီလာခံရဲ့ တောင်းဆိုချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံး ချက်ချင်း ကျင့်သုံးဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။”

မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးရေး၊ စမ်းသပ်ရေးတို့မှာလည်း အခက်အခဲဖြစ်နေတဲ့ အချက်ကိုလည်း မဟာမင်းကြီးက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေ နောက်ပိုင်း ပေါ်ပေါက်လာတဲ့ နိုင်ငံတဝန်းက လက်နက်ကိုင် ကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းလာတဲ့ အခြေအနေ၊ ဒီအဖွဲ့တွေကိုလည်း စစ်တပ်က အင်အားအလွန်အကျွံသုံး တုံ့ပြန်နေတာတွေကို ထောက်ပြပြီး ဒီအကြမ်းဖက်မှုတွေက အရပ်သားတွေအတွက် ကြောက်မက်ဖွယ် အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ ကိစ္စကို စိုးရိမ်ကြောင်းလည်း မဟာမင်းကြီးက ပြောပါတယ်။ လက်နက်ကိုင်အဖွဲ့အားလုံး အနေနဲ့ လူ့အခွင့်အရေးကို လေးစားကာကွယ်ဖို့၊ အရပ်သားတွေ၊ နောက် ဆေးရုံ ဆေးခန်းတွေ၊ ကျောင်းတွေလို အရပ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို မထိခိုက်စေရေးအတွက်လည်း လိုက်နာ ဆောင်ရွက်ကြရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက ပြောဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံ အခြေအနေကောင်းလာအောင် အာဆီယံ မူ ၅ ချက်အတိုင်း စတင်လုပ်ဆောင်ဖို့ လိုအပ် (လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet)

-------------------------

(Unicode)











SEE ALSO: မြန်မာ့အရေး အာဆီယံသဘောတူညီချက် ၅ချက် ရုရှားထောက်ခံ


