နေရပ်ပြန်ဒီးမော့ဆိုစစ်ဘေးရှောင် ၅,၀၀၀ UNHCR အရေးပေါ်အကူအညီပေး

စစ်ဘေးသင့်ပြန်လည်ထူထောင်ရေးစခန်းတွင်း ရိက္ခာဝေငှစဉ်။ (ယခင်မှတ်တမ်း ဓာတ်ပုံ- ဒီးမော့ဆို/ကုန်းသာ)


[[Zawgyi/Unicode]]

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်ဘက်မှာ စစ်ဘေးရှောင်ရာကပြန်လာသူ ငါးထောင်လောက်ကို အရေးပေါ်အကူအညီတွေပေးလိုက်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က သတင်းထုတ်ပြန်ပါတယ်။ ဒါပေမယ့်လည်း မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကြောင့် တခြား ထောင်နဲ့ချီတဲ့ ရွာသူရွာသားတွေ နေရပ်မပြန်နိုင်သေးကြသေးကြောင်း ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီမော့ဆိုမြို့နယ်အခြေအနေ ရန်ကုန်ကသတင်းပေးပို့ချက်ကို အိသန့်စင်က တင်ပြထားပါတယ်။

ဒီးမော့ဆိုမြို့နယ်က ကျေးရွာပေါင်း ၂၄ ရွာ နေရပ်ပြန်သူ လူဦး ၅,၀၀၀ ကျော်လောက်ကို အရေးပေါ်ကယ်ဆယ်ရေး ပစ္စည်းတွေဖြစ်တဲ့ စောင်၊ ခြင်ထောင်၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ဆိုလာမီးအိမ်တွေကို ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ကူညီထောက်ပံ့ထားကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီလို UNHCR က ပြန်လာသူတွေကို အကူအညီနေပေမယ့်လည်း ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ထောင်နဲ့ချီတဲ့ ရွာသူရွာသားတွေ နေရပ် ပြန်မရဲကြသေးဘူးလို့ တောတောင်ထဲမှာ စစ်ရှောင်နေသူတဦးက VOA ကို ပြောပါတယ်။

“ဒီဘက်မှာတော့ ပြန်လာလို့မကြားသေးဘူး၊ ကျမတို့ အရှေ့ဘက်ခြမ်းပေါ့နော်- ဒီအရှေ့ဘက်ခြမ်းမှာက ပိုကြမ်းနေတာရော ပြောရမလား၊ အဲ့လိုမျိုး သိပ်မလုံခြုံတော့တဲ့အတွက်လေ ပြန်လာလို့မရှိကြသေးဘူး။ ဒီဘက်က၊ အခြေအနေကတော့ ဒီလိုပဲပေါ့နော်၊ အရင်ကလိုမျိုးပါပဲ။ ရွာထဲမှာဆိုလို့ရှိရင် စစ်ကြောင်းတွေ ရှိပါတယ်။ တခါတလေဆိုရင် (ပစ်ခတ်သံ) ကွက်ကြားကွက်ကြားမျိုးပေါ့နော်။ ပြီးရင် လက်နက်ကြီး အဲ့လိုမျိုး မိုင်းတွေ ရှိခဲ့တယ်။ အဲ့လိုမျိုးလေ၊ အဲ့ကြောင့်ရွာမပြန်ရဲကြဘူး။”

ကယားပြည်နယ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံရွာသားတွေဟာ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို လပေါင်းများစွာ ထွက်ပြေးတိမ်ရှောင်နေရပါတယ်။ စားရေးသောက်ရေး အခက်အခဲတွေ ကျန်းမာရေးပြသနာတွေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။

“ဟိုအနောက်ဘက်ခြမ်းဆိုရင် တခါတလေဆိုရင် ငတ်ကြတယ်။ အဲ့လိုမျိုးပြောတယ်လေ။ သူတို့က တခါတလေဆိုရင် (ရိက္ခာ) ပြတ်လတ်သွားတဲ့အထိ ဖြစ်တတ်တယ်ပြောတယ်။ ဒါပေမယ့် ဒီဘက်တော့ လုံးဝငတ်သွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အစာရေစာနည်းနည်းပါးပါးတော့ ခေါင်းပါးလာပြီပေါ့နော်။ တောထဲမှာဆိုတော့လေနော်၊ ရေကကလည်း သိပ်မသန့်တဲ့ခါကျတော့ ယားယံတာတို့ အများကြီးဖြစ်တတ်တယ်။ ပြီးရင် ကလေးတွေမှာဆိုရင် ဝမ်းလျော ဝမ်းပျက်တို့၊ အဲ့လိုဖြစ်တတ်တယ်ပေါ့နော်။ ရောဂါတွေ တခုပြီးတခု အရင်လိုမျိုးဆိုရင် ပိုများတယ်။ တယောက်ဖျားပြီးရင် နောက်တယောက်ထပ်ဖျားတယ် အဲ့လိုမျိုးလေ။”

ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာကနေ လွိုင်ကော်မြို့မှာ စစ်ရှောင်နေသူတဦးက သူတို့လည်း နေရပ်မပြန်နိုင်ကြသေးဘူးလို့ ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တိုက်ပွဲကင်းတဲ့ နေရာလောက်မှာသာ ဒေသခံ နေထိုင်ကြတာလို့ ခုလို ပြောပါတယ်။

“ဒီးမော့ဆိုက ဟိုတိုက်ပွဲမဖြစ်တဲ့အနောက်ဘက်ခြမ်းလောက်ပဲ ရတယ်။ အနောက်ဘက်ခြမ်းတွေက သူတို့က အစကတည်းက မရှောင်တာ။ အဲ့ဘက်တိုက်ပွဲမရှိတော့ မရှောင်ဘူး။ အဲ့ရှောင်ရမယ့် ရွာတွေကတော့ ပြန်မလာဘူး၊ ပြန်မလာရဘူး။ သူများလည်း တယောက်မပြန်ဘူးရော။ အဲ့ဒါ မပြန်တော့ ကိုယ်လည်း မလုံခြုံဘူးဆိုမှ မပြန်တာ။”

ဒီးမော့ဆိုမြို့နယ်ကနေ ရှမ်းပြည်နယ်ဘက်ကို စစ်ရှောင်နေတဲ့ ဒေသခံတဦးကလည်း တိုက်ပွဲကြောင့် အရင်တည်းက တိမ်းရှောင်နေတဲ့ ဒေသခံအတော်များများက နေရပ်မပြန်နိုင်ကြဘူးလို့ ဆိုပါတယ်။

“နေရပ်ကိုပြန်မလာသေးဘူး။ အရင်စစ်ရှောင်နေရာပဲ ရှိသေးတယ်။ ပြန်လာတဲ့လူတယောက်မရှိသေးဘူး။ ပြန်လာလို့မရဘူးဖြစ်နေတယ် အခု။ အဲ့ဒါက မြို့ပေါ်တွေမှာပဲ တချို့အနည်းအကျဉ်းပြန်ကြတာပါ။ ကျန်တဲ့ဒီကျေးလက်တောရွာတွေမှာခါကျတော့ ပြန်လာလို့မရဘူးဖြစ်နေတယ်။ ဟို ဒီးမော့ဆိုဘက်မှာပြန်လို့မရဘူး။ လွိုင်ကော်ဘက်မှာတော့ ပြန်လာလို့ရတယ်။”

ဒီဒေသမှာ လက်နက်ကိုင် တိုက်ပွဲတွေ ဆက်ရှိနေသလို စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးထိုးစစ်နေတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း တိုက်ပွဲဖြစ်တိုင်း ကျေးရွာသူ ကျေးရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရဆဲဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

Your browser doesn’t support HTML5

နေရပ်ပြန်ဒီးမော့ဆိုစစ်ဘေးရှောင် ၅,၀၀၀ UNHCR အရေးပေါ်အကူအညီပေး.mp3

--------------

[[Unicode]]











