ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) နဲ့ မြန်မာအစိုးရ တို့ကြား လက်မှတ်ရေးထိုးဖို့ရှိတဲ့ သဘောတူညီချက်ထဲမှာ ရခိုင်ပြည်နယ်ကို ဒီကုလသမဂ္ဂအဖွဲ့တွေ သွားရောက်ခွင့်ဆိုင်ရာ မူဘောင်တခုလည်း ပါမယ်လို့ UNDP ရဲ့ မေလ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုသွားရောက်ခွင့်ရမယ့် ဒေသတွေထဲမှာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လက အကြမ်းဖက်အခြေအနေတွေ ဖြစ်ပြီးကတည်းကဆိုရင် သွားခွင့်မပြုသေးတဲ့ ဒုက္ခသည်တွေရဲ့ မူရင်းနေရာတွေနဲ့ သူတို့ပြန်သွားနိုင်ခြေရှိတဲ့ ဒေသတွေလည်းပါမယ်လို့ UNDP ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေးကိစ္စ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးမယ့် နားလည်မှုစာချွန်လွှာ (MoU) အတွက် ကနဦးသဘောတူညီချက် ရသွားပြီဖြစ်တဲ့အကြောင်း အစိုးရဘက်ကပြောတဲ့ တရက်ထဲမှာပဲ UNDP ရဲ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလိုဖော်ပြထားတာပါ။
ဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောထားနဲ့ပတ်သက်လို့တော့ ကြာသပတေးနေ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရ Stéphane Dujarric က ပြန်ဖို့ကိစ္စဟာ လူပုဂ္ဂိုလ်တဦး ချင်းစီရဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
“ဂုဏ်သိက္ခာရှိတဲ့၊ သူတို့ရဲ့အခွင့်အရေးတွေကို လေးစားအသိအမှတ်ပြုခံရတဲ့ အခြေအနေမျိုးနဲ့ သူတို့ရဲ့အိမ်တွေကို ပြန်နိုင် ခွင့်ရဖို့လိုပါတယ်။ လုပ်ငန်းမူဘောင်တခု ဖန်တီးဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးနဲ့ အစိုးရနှစ်ရပ်အကြား ဆွေးနွေး ပြောဆိုတာတွေ ဆက်လုပ်နေပါတယ်။” လို့ ပြောခွင့်ရ Dujarric ကပြောသွားတာပါ။
ရက်အတိအကျကို အတည်ပြု သတ်မှတ်ဖို့လိုသေးပေမဲ့ ရှေ့သီတင်းပတ်အတွင်းမှာ လက်မှတ်ရေးထိုးမယ်ဆိုတဲ့ MoU စပြီး အသက်ဝင်ပြီဆိုတာနဲ့ UNHCR အနေနဲ့ လက်တွေ့မြေပြင်အခြေအနေတွေကို ဆန်းစစ်ခွင့်ရမှာဖြစ်ပြီး အကာအကွယ်ပေးရေး ဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်နိုင်မယ်လို့ UNDP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုလုပ်ဆောင်ချက်ကနေ သူတို့ရဲ့မူလနေရာတွေက အခြေအနေတွေနဲ့ပတ်သက်တဲ့ သီးခြားလွတ်လပ်တဲ့ သတင်းအချက် အလက်တွေကို UNHCR က ဒုက္ခသည်တွေကို ပေးနိုင်မှာဖြစ်ပြီး ဘေးကင်း ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်ရေး သင့်တော်တဲ့ အခြေအနေ ရှိနေပြီလားဆိုတာ ဒုက္ခသည်တွေ ဆုံးဖြတ်ချက်ချနိုင်ဖို့ အထောက်အကူဖြစ်စေမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ရေး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတွေကြား သဘောတူညီချက် လက်မှတ်ရေးထိုးချိန်တုန်းက သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းတာ၊ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်တာမျိုး မရှိတဲ့အတွက် မြန်မာ အစိုးရကို ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဝေဖန်ပြောဆိုဖူးပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCR အကြား MOU သဘောတူညီချက်တရပ်ကိုတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ကတည်းက လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။
အခုလို MOU ရေးထိုးရေးဆိုင်ရာ ကနဦးသဘောတူညီချက် ရပြီဖြစ်တဲ့အကြောင်း သတင်းထွက်လာတဲ့ တနေ့ထဲမှာပဲ ရခိုင်ပြည် နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့စည်းဖို့ အစိုးရက ဆုံးဖြတ်ထားတဲ့အကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။
အဲဒီကော်မရှင်ကို နိုင်ငံတကာက ပုဂ္ဂိုလ်ကြီးတဦးအပါအဝင် အဖွဲ့ဝင်သုံးဦးနဲ့ ဖွဲ့စည်းမှာဖြစ်တယ်လို့ အဲဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပေမဲ့ ဘယ်သူတွေဆိုတာကိုတော့ အတိအကျ ထုတ်မပြောသေးပါဘူး။
ARSA အကြမ်းဖက်အဖွဲ့က အကြမ်းဖက်တိုက်ခိုက်ပြီးတဲ့နောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အဲဒါနဲ့ဆက်နွယ်တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်ချက်မှာပြောထားပေမဲ့ အဲဒီထဲမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်ထားတယ်ဆိုပြီး နိုင်ငံတကာက စွပ်စွဲထားတာတွေပါ ပါမှာလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ပြောမထားပါဘူး။
Your browser doesn’t support HTML5