ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှိနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာနိုင်ရေးနဲ့ လူသားချင်း စာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေးဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (UNHCR) နဲ့အတူ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားကြမှာဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ Geneva မြို့မှာ ကျင်းပတဲ့ (၆၈)ကြိမ်မြောက် UNHCR အစည်းအဝေးကိုလူကယ်ပြန်ဝန်ကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်ပြီး မြန်မာနိုင်ငံအရေး ဆွေးနွေးတင်ပြခဲ့ကြတာပါ။ ရခိုင်အရေး နိုင်ငံတကာရဲ့စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ မေးခွန်းထုတ်မှုတွေအပေါ် အစိုးရ ရပ်တည်ချက် သဘောထားတွေကို တင်ပြခဲ့တဲ့အကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းချက်အပေါ် သူက အခုလိုစဖြေပါတယ်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။ ။ ကျနော်တို့ အခုအစိုးရအဖွဲ့သစ်ရဲ့ ရပ်တည်ချက်ပေါ့နော် အခုအစိုးရအဖွဲ့သစ်ရဲ့ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့အကြောင်းတွေ ကျနော်တို့ပြောတယ်။ ကြုံတွေ့ရတဲ့ အခုလက်တလောမှာတော့ ရခိုင်ပြည်နယ်ရေးရာကိုစိတ်ဝင်စားတာကြောင့် ရခိုင်ဖြစ်စဉ်ကို ပြောတယ်ပေါ့နော် ကျနော်တို့လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေကို ကျနော်တို့ ပြောပြပြီးတဲ့အခါကျတော့ ကျနော်တို့နိုင်ငံထဲမှာပဲ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေရှိတယ်၊ နိုင်ငံတကာကနေပြီးတော့ သတင်းအမှားတွေပေါ်မှာ အထင်မှားတဲ့ ကိစ္စတွေလည်းရှိတယ်။ တကယ်တော့ အစိုးရရပ်တည်ချက်က ပြည်သူ့အတွက်ပဲ ပြည်သူ့အစိုးရဆိုတော့ ပြည်သူ့အတွက် ရပ်တည်တာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့လုပ်ရပ်တွေက မျှမျှတတလည်းအကုန်လုပ်တယ်။ ဒီအစိုးရ စတက်လာကတည်းက နောက်ပြီးတော့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ပြည်နယ်နဲ့တိုင်းတွေကို ဦးစားပေးဆောင်ရွက်တယ်။ ရခိုင်ပြည်နယ်ကလည်း ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးထဲမှာ ပါနေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်ကို ဦးစားပေးဆောင်ရွက်တဲ့အနေနဲ့ အစိုးရသစ် တက်ကတည်းက အဖွဲ့တွေဖွဲ့ပြီးတော့ ဆောင်ရွက်တယ် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးပေါ့။ ဒါပေမယ့် ဒီလိုဆောင်ရွက်တဲ့ကြားကနေပြီးတော့ ဒီအရေးဟာ နှစ်ရှည်လများ ပဋိပက္ခတွေဖြစ်ခဲ့တာအတွက်ကြောင့် အကြောင်းအရင်းကို အားလုံးက နားလည်ပြီးတော့ ဖော်ထုတ်ဆောင်ရွက်ဖို့လိုတယ်ဆိုတာ ဒီနိုင်ငံထဲမှာ နေထိုင်နေတဲ့ လူတွေနဲ့ ပတ်သက်ပြီးတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်မယ် ကိုဖီအာနန်ကော်မရှင်ကလည်း အကြံပြုချက်တွေ ပေးထားပြီးသားဖြစ်တယ်၊ အရေးကြီးတဲ့ အကျိုးရှိမယ့် ကိစ္စတွေကိုတော့ ဆောင်ရွက်မယ် ဒါတွေလည်းကျနော်တို့ အမြန်အကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အကူအညီတွေကိုလည်း ရောက်အောင်လို့ မျှမျှတတ ဖြစ်အောင်လို့ဆောင်ရွက်မယ့ိကိစ္စတွေရှိတယ် ဒါတွေအတွက်ကို ကျနော်တို့ ဆောင်ရွက်ရတာ ခက်ခဲတဲ့ ကိစ္စတွေရှိတယ်။ နှစ်ပေါင်းများစွာဖြစ်ခဲ့တဲ့ ပဋိပက္ခကြားမှာ ဒီ ၂ ဖက်ညှိနှိုင်းဆောင်ရွက်တဲ့ အခါမှာ အတော်အသင့်ချောမွေ့လာတာရှိတယ်ပေါ့ ဒါတွေကျနော်တို့ ပြောပြနိုင်တာပေါ့။
မဆုမွန် ။ ။ဝန်ကြီးတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးနဲ့ နောက်ပြီးတော့ သူတို့အတွက် လိုအပ်တဲ့အကူအညီတွေ ကူညီထောက်ပံ့ရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာဘက်ကလည်း ပြောနေတဲ့အပေါ်မှာ ဝန်ကြီးတို့ ဘယ်လိုများ ဖြေရှင်းခဲ့တာရှိပါသလဲ။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။ ။နိုင်ငံတကာဘက်ကတော့ ကိုဖီအာနန် Recommendation နဲ့ ပတ်သက်ပြီးတော့ တုံ့ပြန်ဆောင်ရွက်တာတွေအတွက်ကို သူတို့ကြိုဆိုတယ်ဆိုတာကို အားလုံးကပြောတယ်၊ နောက်ပြီးတော့ ပြန်ပြီးတော့ လက်ခံမယ်ဆိုတာကိုလည်း နိုင်ငံတော်အတိုင်ပင်ခံကလည်း ၁၉ ရက်နေ့ကတည်းက သူကတိပေးပြီးသားဖြစ်တယ်။ ဒီကိစ္စကိုလည်း စပြီးကျနော်တို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဝိုင်းဝန်းကူညီဆောင်ရွက်ချင်ပါတယ် ၊ ရေတိုရေရှည်မှာ သူတို့ပါဝင်ချင်ပါတယ် ဆိုတာတွေကတော့ အကုန်လုံးပြောတယ်။
မဆုမွန် ။ ။ဝန်ကြီးတို့နဲ့ UNHCR နဲ့ပေါင်းပြီးတော့မှ ရှေ့ဆက်ပြီးဘယ်လို လုပ်ငန်းစဉ်တွေလုပ်ဆောင်ဖို့အတွက်ရော ဆွေးနွေးခဲ့တာ ရှိပါသလဲရှင့်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။ ။ ကျနော်တို့ လက်ရှိဆောင်ရွက်နေတာကို UNHCR ကသူတို့အတွေ့အကြုံတွေနဲ့ သူတို့လုပ်ဆောင်ခဲ့တဲ့ Refugee တွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်ခဲ့တာတွေကို ၂ နာရီလောက်ကျနော်တို့ကို ရှင်းပြတယ်။ ပြောပြတာတွေရှိတယ်။ ကျနော်တို့လည်း သူတို့အတွေ့အကြုံတွေကို နားထောင်ရတာရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပြောထားပြီးပြီ နိုင်ငံတော်အတိုင်ပင်ခံကလည်း ၁၉၉၃ က၂ နိုင်ငံ သဘောတူညီချက်နဲ့ ဒါတွေက ဆောင်ရွက်မယ်ဆိုတာပြောတယ်။ ဒီဆောင်ရွက်တဲ့အစီအစဉ်မှာလည်း ပူးပေါင်းပါဝင်ကူညီချင်တယ် ဆိုတာလည်း သူတို့ကပြောတယ်။ အခုလောလောဆယ် လုပ်ဖို့ ကျနော်တို့ကနေပြီးတော့ ပြန်လည်လက်ခံမယ့်အစီအစဉ်တွေ ကျနော်တို့ ရေးဆွဲနေတယ် ဒါလည်းပြောခဲ့တယ်။
မဆုမွန် ။ ။အဲဒီတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနဲ့လည်း တွေ့ဆုံခဲ့တယ်ဆိုတော့ ဒီ UN နဲ့အတူတူ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းပြီးတော့ UN ရယ် ဘင်္ဂလားဒေ့ရှ်ရယ် မြန်မာရယ် ပူးပေါင်းပြီး ဒုက္ခသည်တွေအရေးကို ဆောင်ရွက်ဖို့အတွက်ကို ဘယ်လိုများ ဆက်ပြီးဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။ ။ အဲဒီဟာက ကျနော်တို့ စတောင်စနေပြီ။ စနေပြီဆိုတာက အဓီကအရေးကြီးတာက အိမ်နီးချင်းနိုင်ငံက အရေးကြီးဆုံးပဲ ဘင်္ဂလားဒေ့ရှ်ပဲ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ကို ဝန်ကြီးဦးကျော်တင့်ဆွေသွားတယ်။ ဆွေးနွေးတယ် အဆင်ပြေတယ်၊ သူတို့ဘက်ကလည်း ဝန်ကြီးတယောက်က မကြာခင်ရောက်လာမယ်။ ပြီးတော့ အသေးစိတ် ဒီကိစ္စတွေကိုဆွေးနွေးပြီးတော့ ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မဆုမွန် ။ ။ဟုတ်ကဲ့ နောက်ဆုံးကော်မတီအစည်းအဝေးမှာ ဝန်ကြီးကိုယ်တိုင်သွားပြီး သက်သေအထောက်အထားတွေ သတင်းအချက်အလက်တွေ သွားပြီးမျှဝေခဲ့တဲ့အတွက် နိုင်ငံတကာရဲ့အမြင်ရရော ဝန်ကြီးအခုလိုဆွေးနွေးပြောဆိုခဲ့တဲ့အပေါ်မှာ အတိုင်းအတာ တစုံတရာ တခုအထိ သက်ရောက်မှုရှိမယ်လို့ ဝန်ကြီးယုံကြည်ပါသလားရှင့်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။ ။ယုံကြည်တယ်၊ တွေ့တာက နိုင်ငံတော်တော်များများနဲ့လည်းတွေ့တယ်။ နောက်ပြီးတော့ စိတ်ဝင်စားတဲ့ နိုင်ငံတွေကနေပြီးတော့ ကျနော်တို့ ခုနပြောသလိုပေါ့ UNHCR , ICRC စသဖြင့်ပေါ့ တချို့အဖွဲ့အစည်းတွေ bilateral နဲ့ တချို့နိုင်ငံတွေကနေပြီးတော့ ကျနော်တို့ကို တွေ့ဆုံတာတွေများပါတယ်။ အကုန်လုံးကတော့ ကျနော်တို့ အခုလက်ရှိလုပ်ဆောင်မူတွေကို ကြိုဆိုတယ်ဆိုတာကတော့ အားလုံးကပြောတယ်။ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုတာလည်း အားလုံးကပြောတယ်။ နောက်ပြီးတော့ ယုံကြည်မူတည်ဆောင်ပြီးတော့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်ဆိုတာကိုတော့ အကုန်လုံးလိုလိုပြောကြတယ်။
မဆုမွန် ။ ။ဟုတ်ကဲ့ပါ ဝန်ကြီးဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။ ။ ဟုတ်ကဲ့
ဆွစ်ဇာလန်နိုင်ငံ Geneva မြို့မှာ ကျင်းပတဲ့ (၆၈)ကြိမ်မြောက် UNHCR အစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မဆုမွန် က ဆက်သွယ်မေးမြန်းခဲ့တာပါ။
Your browser doesn’t support HTML5