ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် UNDP၊ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR နဲ့ မြန်မာအစိုးရတို့ကြား ပူးပေါင်းဆောင်ရွက်ဖို့ နောက်ထပ်သက်တမ်း ၁ နှစ်တိုးမယ့်အပေါ် ကျေနပ်အားရကြောင်း UNHCR မဟာမင်းကြီး Filippo Grandi ကပြောကြားခဲ့ပါတယ်။
အကူအညီလိုအပ်နေသူတွေရဲ့ အခြေအနေတိုးတက်စေဖို့ အစိုးရရဲ့ခိုင်မာတဲ့ကတိကို ပြသရာရောက်တယ်လို့ မြန်မာနိုင်ငံ ၅ ရက်ကြာခရီးစဉ် အဆုံးသတ်ကြောင်း ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ ကပ်ဘေးဒဏ် စီမံခန့်ခွဲရေးဌာနနဲ့ UNHCR တို့ကြား သီးခြားနားလည်မှုစာချွန်လွှာကိုလည်း ကြာသပတေးနေ့က လက်မှတ်ရေးထိုးခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ရှောင်ဒုက္ခသည်တွေ၊ နိုင်ငံမဲ့ဖြစ်နေသူတွေအရေးအတွက် အစိုးရရဲ့ဆောင်ရွက်မှုတွေအပေါ် ကူညီပံ့ပိုးရေးအတွက်လည်း Mr. Grandi နဲ့ အစိုးရကြားထပ်ပြီး သဘောတူခဲ့တယ်လို့ ပြောကြားထားပါတယ်။
သူ့ရဲ့ ၅ ရက်ကြာခရီးအတွင်း ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး ဒုက္ခသည်စခန်းတွေကို သွားခဲ့သလို ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းတွေနဲ့ တေ့ွဆုံခဲ့ပါတယ်။ နေပြည်တော်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး Bangladesh ဘက်ရောက်နေတဲ့ ဒုက္ခသည်တွေ၊ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာနေရသူတွေ နေရပ်ကို ဘေးအန္တရာယ်ကင်းကင်း ပြန်နိုင်ရေးကို အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂကပြောပါတယ်။
IDP စခန်းတွေ ပိတ်နိုင်ဖို့ အစိုးရရဲ့ အားထုတ်ဆောင်ရွက်မှုတွေအပေါ်လည်း UNHCR မဟာမင်းကြီးက အသိအမှတ်ပြုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ကျန်နေသေးတဲ့ ဒုက္ခသည် ၁ သိန်းနီးပါးကို အထောက်အထား စိစစ်ရေးကို အရှိန်မြင့်လုပ်ဖို့လည်း မဟာမင်းကြီး Grandi ကအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းခဲ့တယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ ပြန်လက်ခံရေးအတွက် အားထုတ်ဆောင်ရွက်နေတယ်လို့ ပြောကြားထားပါတယ်။
Your browser doesn’t support HTML5