ဒီနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကုလသမဂ္ဂ လူ့အခွင့်ရေး ကြေညာစာတမ်းရေးဆွဲတဲ့ အနှစ် ၇၀ မြောက် အထိမ်းအမှတ်ကို ဆင်နွှဲဖို့ ကုလသမဂ္ဂ စီစဉ်ရေးမှုးတွေ အခုကတည်းကစပြီး လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
အနှစ် ၇၀ ရှိလာသည့်တိုင် ရှင်သန်နေဆဲ ဖြစ်တဲ့ ဒီစာတမ်း ဆက်လက်ခိုင်မာစေဖို့ စာတမ်းပါ လူ့အခွင့်ရေးဆိုင်ရာ လိုက်နာရမယ့်အချက်တွေ ကို နိုင်ငံအစိုးရတွေက လိုက်နာဖို့လိုသလို ပြည်သူတွေ ဒီစာတမ်းအတိုင်း အကာကွယ်ရစေနိုင်ရေးအတွက် ဥပဒေတွေနဲ့ ထိန်းကျောင်း ပေးရေးဟာ အရေးကြီးတယ်လို့ အာရှ လူ့အခွင့်ရေးအဖွဲ့ကြီးက ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ၁၉၄၈ ခုနှစ်မှာ အမေရိကန်သမ္မတကတော်ဟောင်း Eleanor Roosevelt ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံစုံက လူတန်းစားအဖွဲ့အစည်း အသီးသီးပါဝင်တဲ့ အဖွဲ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ မူကြမ်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်း ကြုံတွေ့ကြရတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုမျိုးတွေ နောက်တခါထပ်ပြီး မကြုံရစေဖို့ ကာကွယ်တဲ့ အနေနဲ့ ဒီကြေညာစာတမ်းကို ရေးဆွဲခဲ့တာပါ။
လူသားတိုင်း တန်းတူညီမျှမှု ရှိရမယ့်အပြင် ရပိုင်ခွင့်လည်းတူညီရမယ့်ဆိုတဲ့ ယုံကြည်မှုနဲ့ ခွဲခြားဆက်ဆံတာတွေ မလုပ်ဖို့ မူချထားတဲ့ ကုသမဂ္ဂကြေညာစာတမ်းအတွက် ဘုံ အခြိမ်းခြောက်ခံနေရတာက ခွဲခြားဆက်ဆံမှုပဲ ဖြစ်ပြီး ကမ္ဘာမှာ မြင်တွေ့နေရတဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေနဲ့ ပြဿနာအများအပြားရဲ့ အရင်းအမြစ်ကတော့ ချမှတ်ထားတဲ့ ကုသမဂ္ဂ ကြေညာစာတမ်းပါမူ အတိုင်းမလုပ်ကြတာပဲ ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာရုံး ပြောခွင့်ရ Rupert Colville ကပြောပါတယ်။
“လက်ရှိကြုံနေရတဲ့ ပြဿနာတွေဟာ တနေ့တခြား ကြီးထွားလာနေတယ်လို့ ထင်ပါတယ်။ Me2 လှုပ်ရှားမှုကို ကြည့်မယ် ဆိုရင်။ တကယ်က အမျိုးသမီးတွေအတွက် တန်းတူညီမျှ ရပိုင်ခွင့်ရှိရမယ်လို့ ပြောထားတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော် ကတည်းကပါ။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ရပိုင်ခွင့် အကြီးအကျယ် အချိုးဖေါက်ခံနေရပါတယ်။ အခုတော့ Me2 လှုပ်ရှားမှုပေါ်လာပြီလေ။ ဒီတော့မှာ အမျိုးသမီးတွေ ဘယ်လောက်ခံစားခဲ့ကြရတယ် ဆိုတာကို သိလာကြတယ်။ ဒီအထဲမှာ တကယ့် ဒီမိုကရေစီအရှိဆုံး နိုင်ငံကြီးတွေက အမျိုးသမီးတွေပါ ပါနေတာပါ။”
အာရှလူ့အခွင့်ရေးကော်မရှင် AHRC က ရှေ့နေ ဦးမင်းလွင်ဦးကတော့ လူ့အခွင့်ရေး ကြေညာစာတမ်းပါ အချက်လက်တွေ အတိုင်း လိုက်နာဆောင်ရွက်ဖို့ကိစ္စဟာ နိုင်ငံတိုင်းအတွက် မလွယ်ကူဘူးလို့ ပြောပါတယ်။
“ဘာဖြစ်လို့လဲဆိုတော့ ကိုယ်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတန်းစတာတွေ ကြီးစိုးတဲ့ နိုင်ငံတွေမှာ ဒီအဆုံးအဖြတ်က ထိထိရောက်ရောက် မဖြစ်တာတွေ။ ဥပမာအားဖြင့် အိန္ဒိယတို့မှာဆိုရင် သူတို့ဓလေ့ထုံးတန်းအယူဝါဒတွေက ပိုပြီးတော့ပြဌာန်းထားတဲ့ ဥပဒေထက်ကို အစွမ်းထက်နေသလိုမျိုးဖြစ်တဲ့အခါမှာ ခုနကပြောတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက် မတားဆီးနိုင်တဲ့ ကိစ္စမျိုးတွေ ကြုံရတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာလည်း အခုဆို ကြုံနေရတယ်ပေါ့နော်။ သက်ငယ်အဓမ္မပြုကျင့်မှုတွေ ၊ လူသတ်မှုတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတယ်။ ဥပဒေမှာ ပြဌာန်းထားသော်လည်း ဥပဒေကို ဆောင်ရွက်နိုင်တဲ့ ဖွဲ့အစည်းတွေက ထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေမချမှတ်တဲ့အခါကျတော့ ဒီပြစ်အမှုမျိုးကို ကျူးလွန်ဖို့ မကြောက်တဲ့သူတွေက တဖြေးဖြေးနဲ့ ပိုလာတယ်။ အခုမြန်မာနိုင်ငံ ဆိုရင် သက်ငယ်မုဒိမ်းကျူးလွန်တဲ့သူတွေဆိုရင် သေဒဏ်အထိ အပြစ်ပေးပါလို့ပြောတယ်။ တဖက်ကလည်း နိုင်ငံတဝှမ်းမှာ သေဒဏ်ကို ပယ်ဖျက်ပေးပါလို့ ပြောနေကြတော့ ဆိုတော့ အဲဒီကြားထဲမှာ ညှိနှိုင်းပြီးလုပ်ရတဲ့အခါကျတော့ တော်တော်ခက်ခက်ခဲခဲရှိပါတယ်။”
ရခိုင်အရေးနဲ့ ပတ်သက်လို့ဖြစ်စေ တိုင်းရင်းသားဒေသတွေမှာဖြစ်စေ မြန်မာနိုင်ငံရဲ့လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို နိုင်ငံတကာဝေဖန်နေကြပေမယ့် မြန်မာအစိုးရဘက်က ထိထိရောက်ရောက်မလုပ်နိုင်တဲ့ အထဲမှာ အဓိကက ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့်လို့ ဝေဖန်ပါတယ်။
“အစိုးရအနေနဲ့ကတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို အရေးယူဖို့ကျတော့လည်း တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာကတည်းကိုက စစ်တပ်ပိုင်းဆိုင်တဲ့ ပြဿနာတွေကို တပ်မတော်ကသာ စစ်ဆေးစီရင်ဆုံးဖြတ်မယ်ဆိုတာ ရှိနေတော့ ထိထိရောက်ရောက် ဟန့်တားနိုင်တဲ့ စစ်ဆေးစီရင်တာ မလုပ်ပြနိုင်တာ အားနည်းတာပေါ့ဗျာ။ အရေးယူဖို့ပြောတယ် တပ်မတော်က အရေးယူတယ် ဘယ်လိုအရေးယူလိုက်လဲဆိုတာ ကျနော်တို့ ဘယ်သူမှမသိဘူးဖြစ်နေတာပေါ့နော်။ ဒါတွေက မကောင်းတဲ့အလားအလာလို့ ကျနော်ကတော့ မြင်ပါတယ်။”
လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ ကြံ့ခိုင်မှုကို လူ့အခွင့်ရေး ပညာပေးသူတွေက ယုံကြည်ကြပါတယ်။ ဒါပေမယ့်လည်း အင်တာနက်ခေတ်မှာ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အပါအဝင် ပြဿနာအသစ်တွေ ပေါ်လာနိုင်သလို၊ ရာသီဥတု ပြောင်းလဲမှုကြောင့် လူသားတွေရဲ့ လူနေမှုဘဝ၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ၊ နေထိုင်ရာနေရာ ဆိုင်ရာ ရပိုင်ခွင့်တွေအတွက်ပါ ခြိမ်းခြောက်မှုတွေ ကြုံရနိုင်ပြီး ဒီကြေညာစာတမ်းအတွက် မကြာခင် နှစ်တွေအတွင်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်လာရဖို့ရှိ လာနေတယ်လို့ လည်း သုံးသပ်ကြပါတယ်။
Your browser doesn’t support HTML5