မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာပဋိပက္ခကို မပြေလည်စေချင်တဲ့ အင်အားစု ထင်ထင် ရှားရှားရှိနေတဲ့အကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ကိုယ်စားလှယ်တွေကို မြန်မာအရပ်ဖက်အဖွဲ့အစည်းတချိူ့က မနေ့က တင်ပြခဲ့ပါတယ်။ ရိုဟင် ဂျာပြဿနာဖြေရှင်းရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တနင်္လာနေ့ညပိုင်းမှာတွေ့ဆုံခဲ့ကြတုန်း အခုလို တင်ပြခဲ့ကြတာပါ။ အပြည့်အစုံကို ကိုကျော်အောင်လွင်က ဆက်ပြီးတင်ပြပါလိမ့်မယ်။
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ မနေ့တုန်းက မွန်းလွဲပိုင်းနေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မနေ့က ညပိုင်းမှာတော့ အရပ်ဘက် လူမှုအဖွဲ့အစည်းကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုမှာ ပါဝင်သူတဦးဖြစ်တဲ့ ဦးအေးလွင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဦးအေးလွင်ဟာ မစ္စတာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပေးကော်မရှင်အဖွဲ့မှာ တဦးအပါအဝင်ဖြစ်ပါတယ်။
ဦးအေးလွင်။ ။ သူတို့က ပြောတာကိုပဲ နားထောင်တာများပါတယ်။ မရှင်းတာကိုမေးပါ တယ် အဲလောက်ပဲတွေ့ရပါတယ်။
ကိုကျော်အောင်လွင်။ ။ဆရာတို့အနေနဲ့ ဘာအကြောင်းတွေကို တင်ပြခဲ့ပါသလဲ။
ဦးအေးလွင်။ ။ကျနော်ပြောခဲ့တာကတော့ ကျနော်တို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကိစ္စတွေက ပြဿနာတခုကို ပြေလည်မယ်ဆိုရင် ပြေလည်မှုကို မလိုချင်တဲ့ အဖျက်သမားတွေက အခြေအနေပိုဆိုးလာအောင် သွေးထိုးလှုံ့ဆော်မှုတွေလုပ်နေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ ပြဿနာတွေက တော်တော်ရှုပ်ထွေးတယ်၊ နက်နဲတယ် လက်တလောဖြေရှင်းဖို့အတွက်မလွယ်ကူတာလည်း မှန်ပါတယ်။ သို့သော် အမျိုးမျိုးသွေးထိုးလှုံ့ဆော်မှုတွေနဲ့ ပျက်ပြားနှောင့်ယှက်ဖျက်ဆီးနေတဲ့ လူတွေက အင်မတန်ထင်ထင်ရှားရှား ကျနော်တို့တွေ့ရတယ်။ အဲဒီလူတွေက ဘာသာရေး၊ လူမျိုးရေးကို မှိုင်းတိုက်သွေးထိုးတယ်။ ကျနော့်အဲဒီတင်ပြချက်ကို တခြားအစ္စလာမ်ဘာသာဝင်မဟုတ်သော NGO ကလူတွေကလည်း ပိုပြီးတော့တောင် အချက်ကျကျ ရှင်းပြနိုင်တယ်။ အဲဒီဂိုဏ်းလို့ပြောရမှာပေါ့လေ အဖျက်သမားတွေက အဖွဲ့အစည်းတခုနဲ့တခု ချိတ်ဆက်ပြီးတော့ အောက်ခြေပြည်သူတွေကို နားယောင်သွားအောင် ကွန်ပြူတာသင်တန်းတို့ဘာတို့လုပ်ရင်း၊ ပညာပေးရေး သင်တန်းတို့ဘာတို့လုပ်ရင်းကနေပြီးတော့ မှိုင်းတိုက်ပြီး အမုန်းတရားတွေ နဲ့ ဘာသာတခုကို နိုင်ငံတော်အတွက် ဓမန္တရာယ်ဖြစ်နေပြီဆိုတာကို အောက်ခြေရိုးသားတဲ့ပြည်သူတွေ မယုံယုံအောင်ကို စနစ်တကျလုပ်နေတယ်ဆိုတာကို သူတို့က ဖော်ထုတ်ပြောသွားတယ်။ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့လူတွေ ပြောသွားတာကို ကြားရတယ်လေ။ ကျနော်တို့လည်း အဲဒီလိုမြင်နေပါတယ်။ ပဋိပက္ခများမှ အမြတ်ထွက်နေသူများ ၊ စစ်ပွဲများကနေပြီးတော့ ချမ်းသာကြွယ်ဝနေသူများ အဲဒီသူများရဲ့ အန္တရာယ်ဟာ အရင်ဆုံးကျနော်တို့ ကိုင်တွယ်ရမယ်။ ပြီးတော့မှ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများရင်းမြစ်ကို သေချာဆန်းစစ်ပြီးတော့ အချိန်ယူပြီးတော့ သေချာပြေလည်အောင် လုပ်ဖို့လိုအပ်တယ်လို့ ဒါလေးကို ကျနေ်ာပြောပါတယ်။
ကိုကျော်အောင်လွင်။ ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ လုပ်ဆောင်မှုက အခု ပဋိပက္ခမှာ ဘယ်လောက်အထိ ထိရောက်မှုရှိမယ်လို့ ခန့်မှန်းသလဲခင်ဗျ။
ဦးအေးလွင်။ ။ ကျနော်တို့ကတော့ အဲဒီလိုခန့်မှန်းတာတွေထက် ပေးလိုက်တဲ့အကြံကတော့ လက်တလောလုပ်နေတဲ့ ပုံစံတွေကတော့ အဖြေတွေ့ဖို့အတွက် အခက်အခဲတွေအများကြီးရှိသေးတယ်။ လမ်းသစ်တခုကို လုပ်ဖို့လိုလိမ့်မယ်။ အပြန်အလှန်မှန်ကန်သော အချက်အလက်တွေကိုသိမှ မူဝါဒများကို ချပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေဆွဲတဲ့လူတွေ၊ အဖြေကိုရှာမယ့်လူတွေဟာ အဲဒီအကြံကောင်းဉာဏ်ကောင်းနဲ့ လမ်းသစ်တီထွင်ဖို့လိုလိမ့်မယ်။ အကြံကောင်းတွေပေးပါလို့ ကျနေ်ာအဲလို မေတ္တာရပ်ခံတယ်။
ကိုကျော်အောင်လွင်။ ။မြန်မာအစိုးရကိုယ်တိုင်က နိုင်ငံတကာ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ပြဿနာ ဖြစ်ပွားခဲ့တဲ့နေရာတွေမှာ လေ့လာစုံစမ်းခွင့်တွေ ကျကျနန မပေးသေးပါဘူး။ အရင်ကထက်စာရင် အခုလိုအဖွဲ့အစည်းတွေ ရောက်လာတာ အရေအတွက်အားဖြင့် နည်းနည်းပိုများလာတယ်လို့ ဆိုရမှာပေါ့လေ။ ဆိုတော့ သူတို့ကိုယ်တိုင်ကျေနပ်မှုရှိလား ဘယ်လိုပြောပါသလဲ။
ဦးအေးလွင်။ ။ ထိရောက်မှုနဲ့ ကျေနပ်မှုဆိုတာကတော့ အတိုင်းအတာအပေါ်မှာ မူတည်တာပေါ့။ ကျနော်တို့ ကော်မရှင်ကိုယ်တိုင် ဖြစ်ခဲ့တဲ့နေရာတွေကို သွားတဲ့အခါမှာ အချိန်ပိုင်းလောက်ပဲ သွားနိုင်တဲ့ အနေအထားမျိုးလေးတွေ ရှိခဲ့တယ်။ ကျနော်တို့ ကော်မရှင်ဝင်တွေကိုယ်တိုင်ပင် အဲဒီဖြစ်ခဲ့တဲ့နေရာတွေကို သွားတဲ့အခါ ၁ ရက်တောင်မဟုတ်ဘူး အချိန်ပိုင်းလောက်ပဲ သွားခွင့်ရခဲ့တယ်။ အဲဒီလို အချိန်အပိုင်းအတွင်းနဲ့ ကျနေ်ာတို့က ပြတ်ပြတ်သားသားသုံးသပ်ချက်တွေ ဆုံးဖြတ်ချက်တွေချဖို့ဆိုတာကတော့ သိပ်ပြီးတော့ တရားမျှတမှု ရှိနိုင်မှာ မဟုတ်ဘူး။ သူတို့လည်းသွားတဲ့အခါမှာ တရက်တည်းနဲ့ သွားလေ့လာတဲ့သဘောရှိတာပေါ့လေ။ သို့သော် ကောင်းသော မှန်ကန်သောခြေလှမ်းတခုကို ချပြီးပြီ။ အဲလိုများများသွားလာတာနဲ့ အမျှ လူကလည်းများတဲ့အပေါ်မှာ ရှု့ထောင့်တွေများများနဲ့ သုံးသပ်လိုက်မယ်ဆိုရင် အရင်ကထက်ပိုပြီးတော့ အဖြေအတွက် အချက်အလက်ကောင်းတွေရလာမယ်လို့ ကျနော်ကတော့ ယုံကြည်တယ်ခင်ဗျ။”
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့တုန်းကတွေ့ဆုံကြတုန်းက အကြမ်းဖက်မှုတွေက အချိန်မရွေးပြန်ပေါ်လာနိုင်တဲ့အကြောင်း ပဋိပက္ခဖြစ်ရတဲ့ အကြောင်းအရင်းအမြစ်ကို ရှာဖွေဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်း၊ အမုန်းတရားပြန့်ပွားမှု ကာကွယ်တားဆီးရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံတုန်းကတော့ မြန်မာစစ်တပ်အတွင်းမှာ စည်းကမ်းဖောက်သူတွေကို ဥပဒေနဲ့အညီအရေးယူနေတဲ့အကြောင်း ရခိုင်မြောက်ပိုင်းပဋိပက္ခတွေ မှာ လိင်အကြမ်းဖက်မှု စွပ်စွဲချက်တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ တပ်မတော်အနေနဲ့ ဒီလိုပြစ်မှုတွေကို ပိုမိုပြင်းထန်စွာအပြစ်ပေးနေကြောင်း၊ မြန်မာ့တပ်မတော် သမိုင်းကြောင်းမှာ လိင်အကြမ်းဖက်မှုတွေ မရှိကြောင်းအပြင် နိုင်ငံတကာအဖွဲ့အစည်းများမှ လူသားချင်းစာနာမှု အကူအညီများပေးအပ်တဲ့နေရာမှာ ဒေသခံတိုင်းရင်းသားများတွေအတွက်လည်း အလေးထားပြီး သာတူညီမျှတဲ့ အကူအညီတွေ ပေးဖို့လိုတဲ့အကြောင်းတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖက်က လုံခြုံရေးကောင်စီ ကိုယ်စားလှယ်တွေကို ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Your browser doesn’t support HTML5