ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး ကုလအတွင်းရေးမှူးချုပ် ကြိုးပမ်းမည်

ကုလသမဂ္ဂညီလာခံမှာ မိန့်ခွန်းပြောကြားနေတဲ့ ကုလအတွင်းရေးမှူးချုပ် António Guterres

ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ လွတ်မြောက်ရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres အနေနဲ့ မဖြစ်မနေ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးပြောခွင့်ရပုဂ္ဂိုလ်က မနေ့ က ပြောကြားလိုက်ပါတယ်။

သူတို့နှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အင်္ဂါနေ့က ပယ်ချလိုက်ပြီး ထောင်ဒဏ် (၇)နှစ်ချမှတ်ထားတာကို ဆက်လက် အတည်ပြုလိုက်တဲ့အပေါ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက တုန့်ပြန်ချက်အပါအဝင် အခြားနိုင်ငံတကာသတင်းအဖွဲ့တွေရဲ့ တုန့်ပြန်ချက်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

ဧပြီလ (၂၃)ရက်နေ့ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ရိုက်တာသတင်းထောက် နှစ်ဦးရဲ့ နောက်ဆုံးအယူခံကို စီရင်ချက်ချရမှာ အောက်တရားရုံးတွေက ချမှတ်ထားတဲ့ ထောင်ဒဏ် (၇)နှစ် အမိန့်ကိုပဲ ဆက်လက်အတည်ပြုခဲ့ပြီး သူတို့မှာ အပြစ်မရှိကြောင်း တင်သွင်းထားတဲ့ အယူခံကို ပယ်ချခဲ့ပါတယ်။ အခုလို တရားသူကြီးတွေဘက်က သူတို့စီရင်ချက်နဲ့ပတ်သက်လို့ အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

ပြည်ထောင်စုတရားလွှတ်တော်ကနေ ရိုက်တာသတင်းထောက်တွေကို ဆက်ပြီး အကျဉ်းကျထားဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂက စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ သူတို့နှစ်ဦးလွတ်မြောက်ရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရ Stephane Dujarric က မနေ့က ပြုလုပ်တဲ့ နယူးရောက် ကုလသမဂ္ဂဌာနချုပ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားပါတယ်။

“ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကို ဆက်လက်ထိန်းသိမ်းထားတဲ့အပေါ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ စိုးရိမ်မကင်းရှိနေဆဲပါ။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ညှင်းပန်းနှိပ်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု အဓိကကျတဲ့ အချက်တွေကို သတင်းတင်ပြခဲ့တဲ့အတွက် ဒီသတင်းထောက်နှစ်ဦးတရားစွဲခံရတယ်ဆိုတာ လက်ခံနိုင်စရာမရှိပါဘူး။ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်နဲ့ သတင်းတင်ပြခွင့် ကို လေးစားလိုက်နာတဲ့အနေနဲ့ သူတို့နှစ်ဦးလွှတ်ပေးဖို့ အာဏာပိုင်တွေကို အတွင်းရေးမှူးချုပ်က ထပ်တလဲလဲ တောင်းဆိုခဲ့တာပါ။ သူတို့လွတ်မြောက်ရေးနဲ့ သတင်းသမားတွေကို အခိုင်အမာ အကာအကွယ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂအနေနဲ့ မဖြစ်မနေ ဆက်ပြီး အားပေး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

အင်္ဂါနေ့ မနက်ပိုင်းက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ တရားသူကြီးနှစ်ဦးကနေ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ဦးရဲ့ အယူခံကို ပယ်ချလိုက်တဲ့ စီရင်ချက်ချမှတ်ပြီးပြီချင်း ထုတ်ပြန်ခဲ့တဲ့ ရိုက်တာသတင်းဌာန အကြီးအကဲ Gail Gove ရဲ့ ကြေညာချက်မှာတော့ သူတို့နှစ်ဦးဟာ ဘယ်ပြစ်မှုကိုမှ ကျူးလွန်ခဲ့ခြင်းမရှိခဲ့သလို၊ အဲဒီလို ပြစ်မှု ကျူးလွန်ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက်လည်း သက်သေအထောက်အထား မရှိကြောင်း ဖေါ်ပြထားပါတယ်။ တကယ်တမ်း အမှန်တရားကို ထုတ်ဖေါ်ရေးသားမယ့် သူတို့ရဲ့ သတင်းကို ပိတ်ပင်တားဆီးတဲ့အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ အမှုဆင်ဖမ်းဆီးတာကို ခံလိုက်ရတာသာဖြစ်ပြီး၊ သူတို့နှစ်ဦး အမြန်ဆုံးလွတ်မြောက်ရေး တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း Gail Gove ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

ရိုက်တာသတင်းထောက်တွေရဲ့ အယူခံကို ပယ်ချခဲ့တဲ့ ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးရဲ့ဆုံးဖြတ်ချက်ကို ကြည့်ရင် NLD အရပ်သားအစိုးရလက်ထက် တရားစီရင်ရေးမှာ စစ်တပ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို လွန်ဆန်လို့ မရဘူးဆိုတာ တွေ့နေရတယ်လို့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက ဗွီအိုအေကိုပြောပါတယ်။

“လွတ်လပ်တဲ့ တရားစီရင်ရေး မြန်မာနိုင်ငံမှာ ကျင့်သုံးနိုင်ခြင်းမရှိသေးဘူး။ တရားဥပဒေစိုးမိုးရေး အလှမ်းဝေးနေသေးတယ်လို့ ကျနော်တို့ သုံးသပ်ချင်ပါတယ်။ ကိုဝလုံး၊ ကိုကျော်စိုးဦးတို့အမှုကလည်း ဒီကိစ္စ ပေါ်ပေါက်လာအောင်တပ်မတော်က ဖိအားပေး တဲ့အတွက် ပြည်ထဲရေးကနေပြီးတော့ တရားစွဲဆိုရတယ်လို့ ကျနော်တို့ သိရတယ်လေ။ ဒီပုဒ်မနဲ့ တရားစွဲဆိုမယ်ဆိုရင် သမ္မတရဲ့ ခွင့်ပြုချက်လိုတယ် ဦးထင်ကျော်က လက်မှတ်မထိုးပဲ Singapore ကို ဆေးသွားကုနေတဲ့ အချိန်မှာ ဒုသမ္မတ ဦးမြင့်ဆွေက လက်မှတ်ထိုးပြီးတော့ ဖမ်းခိုင်းတယ်ဆိုကတည်းက တပ်မတော်ရဲ့ စီစဉ်ညွှန်ကြားမှု အများကြီးပါတယ်ဆိုတာကို ကျနော်တို့ အကဲခတ်လို့ရတယ်။ ဒါကြောင့် တရားရုံးချုပ်အနေနဲ့ကလည်း တဖက်မှာလည်း တပ်မတော်ရဲ့ ဖိအားပေးမှုတွေရှိမယ်၊ တရားရုံးချုပ်မှာ တရားသူကြီးချုပ်ကလည်း တပ်မတော်ကလာတဲ့လူပဲဖြစ်တယ်။ ဥပဒေအရာရှိချုပ်ကလည်း တပ်မတော်ကလာတဲ့သူပဲဖြစ်တယ်ဆိုတော့ ဒီအမှုမှာကတော့ ကျနော်ထင်တယ် ၃ နှစ်လောက်နေမှ ပြန်လွှတ်လိမ့်မယ်လို့ ထင်တယ် ဒီအတိုင်းကတော့ လုံး၀ လွှတ်မှာမဟုတ်ပါဘူး။”

ပြည်ထောင်စုတရားလွှတ်တော်က အယူခံကို ပယ်ချလိုက်တာဟာ ကိုဝလုံး၊ ကိုကျော်စိုးဦးနဲ့ သူတို့ရဲ့ မိသားစုတွေအပေါ် မှားယွင်းတဲ့ တရားစီရင်မှုဖြစ်ပြီး လွတ်လပ်တဲ့ သတင်းစာနယ်ဇင်းအပေါ် မြန်မာအာဏာပိုင်တွေဘက်က ပြစ်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့ CPJ သတင်းသမားများကာကွယ် စောင့်ရှောက်ရေးအဖွဲ့ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးအကဲ Shawn Crispin က ပြောပါတယ်။ သူတို့နှစ်ဦးအနေနဲ့ အကျဉ်းထောင်ထဲမှာ မနေသင့်ပဲ သူတို့အလုပ်ဖြစ်တဲ့ သတင်းအလုပ်ကို ဆက်ပြီးလုပ်နိုင်ဖို့ လွှတ်ပေးသင့်ကြောင်းနဲ့ သူတို့နှစ်ဦးအပေါ် အခုလို ပြစ်ဒဏ်စီရင်ချက် ချမှတ်ထားတာဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း Shawn Crispin ကဆိုပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ဇော်ကလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်းနဲ့ တရားစီရင်ရေးလွတ်လပ်ခွင့်အပါအဝင် သတင်းလွတ်လပ်ခွင့်နဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း သတင်းထောက်တွေကို မနေ့က နေပြည်တော် တရားရုံးချုပ်က အထွက်မှာ ပြောကြားခဲ့ပါတယ်။ သူတို့နှစ်ဦး လွတ်မြောက်ရေးအတွက် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အပါအဝင် အခြားနည်းလမ်းတွေကို ဆက်လက်ရှာဖွေကြိုးပမ်းသွားမယ့်အကြောင်းလည်း ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

Your browser doesn’t support HTML5

ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေး ကုလအတွင်းရေးမှူးချုပ် ကြိုးပမ်းမည်