အစွန်းရောက် အမျိုးသားရေး ဝါဒ မြန်မာ ရွေးကောက်ပွဲ ကို ထိခိုက်နိုင်

ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar ။

မြန်မာနိုင်ငံမှာ အစွန်းရောက် အမျိုးသားရေးဝါဒ ကြီးထွားလာနေတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့နေရပြီး ဒါဟာ မကြာခင် ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲ အတွက် လုံခြုံစိတ်ချရမှုကို ထိခိုက်စေနိုင်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က ပြောကြားခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့က နယူးရောက် ကုလသမဂ္ဂရုံးချုပ်မှာ လူမှုရေး၊ လူ့အခွင့်အရေး နဲ့ ယဉ်ကျေးမှုဆိုင်ရာ တတိယကော်မတီ ရှေ့မှောက် မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး အခြေနေတွေကို တင်ပြချိန်မှာ ပြောကြားခဲ့တာပါ။ အပြည့်အစုံ ကို ဒေါ်ခင်မျိုးသက် က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ပါတ်သက်ပြီး ၂၀၁၄ ခုနှစ် သြဂုတ်လကနေ ၂၀၁၅ သြဂုတ်လ အတွင်း ဆန်းစစ်ချက်တွေကို ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar က အစီရင်ခံစာ တင်သွင်းရာမှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ၊ နိုင်ငံတွင်းက ကွဲပြားနေတဲ့ အသိုင်းအဝိုင်းနဲ့ လူ့အခွင့်ရေးအခြေအနေတွေ၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ ပါတ်သက်ပြီး အပိုင်း ၃ ပိုင်းခွဲတင်ပြခဲ့တာ ဖြစ်ပါတယ်။

မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲ တည်တည်ငြိမ်ငြိမ် ကျင်းပနိုင်ရေးကို ထိခိုက်စေမယ့် အမုန်စကားပြန့်ပွါးနေတာနဲ့ အစွန်းရောက် အမျိုးသားရေး ဝါဒ နိုင်ငံတွင်း ကြီးထွားလာနေတာကို စိုးရိမ်တကြီးတွေ့နေရတယ်လို့ မစ္စတာ နမ်းဘီးယားက ပြောပါတယ်။

"အစွန်းရောက် အမျိုးသားရေး ဝါဒနဲ့ မူစလင် ဆန့်ကျင်ရေး ကြီးမားလာမှုတွေနဲ့ အတူ အမုန်းစကားတွေ ပြန့်ပွါးလာနေတာအတွက်အထူးစိုးရိမ်ရပါတယ်။ အထူးသဖြင့် ရခိုင်ဒေသမှာ တွေ့နေရပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စ ရန်ဟီးလီကို ဒီနှစ်အစောပိုင်းမှာ စော်ကားပြီး ပြောကြားခဲ့ တာတွေ အတွက် နိုင်ငံတကာက ပေါ်ပေါ်ထင်ထင်ပဲ ရှုံ့ချ ပစ်တင်တာတွေ ခံခဲ့ရတာပါ။ နိုင်ငံတွင်းမှာလည်း တချို့ ဘာသာရေး အဖွဲ့အစည်းတွေ က ခေါင်းဆောင်တွေ ကိုယ်တိုင်က ကိုယ့် ဘာသာရေးကို ထိခိုက်စေတဲ့ အပြုအမူ အပြောအဆိုတွေ လုပ်ဆောင်နေတာ တွေ့ရသလို ပြီးခဲ့တဲ့လအတွင်း အမုန်းစကား ပြန့်ပွါးလာတာကို တနိုင်ငံလုံး အတိုင်းအတာနဲ့ တွေ့လာရပါတယ်။

ဒါဟာ စိတ်ချလုံခြုံမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်စေမယ့် အလားအလာကို ထိခိုက်စေ ပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံက ဘာသာရေးကို အသုံးမချရဘူးလို့ ချမှတ်ထား တာမို့ ဒါကို ပါတီ၊ နိုင်ငံရေးသမားတွေနဲ့ ဘုန်းတော်ကြီးတွေပါမကျန် လိုက်နာဖို့ လိုပြီးတကယ်လို့ မလိုက်နာခဲ့ရင် ရွေးကောက်ပွဲကို ထိခိုက်စေနိုင်တဲ့ အပြင် လူ့အဖွဲ့အစည်း အတွင်း တည်ငြိမ်မှုကိုပါ ပျက်ပြားစေနိုင်ပါတယ်။ "

ပါတီပေါင်း ၉၀ ကျော်ပါဝင် ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲ အတွက် နိုင်ငံတကာအဖွဲ့တွေ နဲ့ ပြည်တွင်းစောင့်ကြည့်သူတွေကို ရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာခွင့်ပြုထားပြီး ပွင့်လင်း လွတ်လပ်မှု ရှိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေ တာတွေ့ရတာမို့ ကျေနပ်ပေမယ့်ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး စိန်ခေါ်မှုတွေကတော့ ကြီးကြီးမားမား ရှိနေဆဲပဲ လို့လည်း ပြောပါတယ်။

"ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး အနှစ်သာရပိုင်းမှာရော လုပ်ငန်းစဉ်မှာပါ စိန်ခေါ်မှုက ကြီးကြီးမားမား ရှိနေဆဲ ဆိုတာတွေ့ရပါတယ်။ မဲပေးခွင့် ပယ်ချရုတ် သိမ်းတာတွေ တွေ့နေရပြီး ဒါဟာလူနည်းစုတွေနဲ့ ဘာသာရေးအဖွဲ့တွေ အထူးသဖြင့် ဇူလိုင်လ တုန်းက ယာယီလက်မှတ်တွေ ထုတ်ပေးတာကို ပြန်ရုတ်သိမ်းတာဟာ တကယ့် ပြဿနာ တရပ် ဖြစ်နေတာပါ။ တချို့ မြို့နယ်တွေမှာ ဆိုရင် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့်လူတွေကို သေသေချာချာ မစစ်ဆေးပဲ ဝင်ပြိုင်ဖို့ လိုအပ်ချက်တွေ နဲ့ မကိုက်ညီဘူးဆိုပြီး ပယ်ချခဲ့တာတွေ့ရပါတယ်။ ဒါဟာ လူနဲစု အမတ်တွေ အထူးသဖြင့် မူစလင်တွေကို ထိခိုက်စေပါတယ်။ ရွေးကောက် ပွဲ ကော်မရှင် က တချို့ကို ပြန်ပြီး ပြင်ပေးတယ် ဆိုပေမယ့် စံနစ်ကျမှု မရှိပဲ အမတ် အတော်များများအတွက် အရွေးခံနိုင်ခွင့် မရခဲ့ပါဘူး။"

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်ကစပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာဟာ တခါတလေမှာ အားနည်းနေတာ တွေ့ရပေမယ့် နိုင်ငံတကာ အသိမှတ်ပြု ဒီမိုကရေစီစံနှုံးတွေနဲ့ အညီပြုပြင်ပြောင်းလဲမှုတွေကို ပုံမှန်ဆက် လုပ်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းရသူတွေနဲ့ ပါတ်သက်ပြီး အထူးသဖြင့် ရခိုင်မှာ ၂၀၁၂ ခုနှစ် အဓိကရုန်းဖြစ်ချိန်က ရွှေ့ပြောင်းရသူတွေရဲ့ အခြေနေဟာ အခုအချိန်အထိ ထူူးခြားမှု မရှိသေးဘူးလို့ လည်း ပြောပါတယ်။ ဒါ့အပြင် လူ့အခွင့်ရေး အခြေနေကလည်း သိသိသာသာ တိုးတက်လာတာ မတွေ့ရဘူးလို့ ဆိုပါတယ်။

"ပြီးခဲ့တဲ့ နှစ်ထဲမှာ နေရာ အတော်များများမှာ တိုးတက်မှုတွေ ရှိခဲ့တယ် ဆိုပေမယ့် လူ့အခွင့်ရေးအခြေနေက သိပ်မထူးတာကို မြင်သာပါတယ်။ နိုင်ငံရေး အကျဉ်းသား အတော်များများကို လွှတ်ပေးတာနဲ့ တချိန်ထဲ တက်ကြွလှုပ်ရှားသူတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ကျဖမ်း ဖမ်းဆီး အရေးယူနေတာမျိုး ဆက်လုပ်နေတာတွေ့ရပါတယ်။ မတ်လတုန်းက ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ ဆန္ဒပြ တောင်းဆို တဲ့ ကျောင်းသားတွေ ကို ပြင်းပြင်းထန်ထန် နှိမ်နင်း တာကြောင့် နိုင်ငံတကာ က ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။ ကျောင်းသား ဆန္ဒပြသူ ၁၂၇ ယောက်အဖမ်းခံရပြီး ခုထိ ဆက်ဖမ်းထားသူက ၃၅ ယောက်ရှိနေပါတယ်။ ဒါ့အပြင် နိုင်ငံရေး အကျဉ်းသား နောက်ထပ် ၄၀ လောက်လည်း မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတာပါ။"

ပြည်တွင်းစစ် နှစ်ပေါင်း ၆၀ လောက်ဖြစ်ပွါးနေရာက အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ကြား အောက်တိုဘာလ ၁၅ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာ နဲ့ အပစ်ရပ်ရေး လက်မှတ်ရေးထိုး လိုက်နိုင်တာကိုတော့ ထူးခြားတဲ့ အောင်မြင်မှု တခုအဖြစ် သတ်မှတ်ပါတယ်။

ဒီ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေရော လက်မှတ်ထိုးရာမှာ မပါဝင်တဲ့ အဖွဲ့တွေအားလုံး ပါ ရှေ့ဆက်ပြီး အပြုသဘောဆောင် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လက်ရှိမှာ အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးတာ မဟုတ်ပေမယ့် ယုံကြည်မှု တချို့ တည်ဆောက်နိုင်တာနဲ့ ဒီလက်မှတ်ရေးထိုးပွဲနောက်ပိုင်း နိုင်ငံရေး ဆွေးနွေးမှုတွေ စတင်ဖို့ လုပ်မယ့် အချက်တွေ ပါဝင်တာအပြင် တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီနည်းကျ ဖက်ဒရယ် ပြည်ထောင်စု ပုံစံနဲ့ သွားဖို့ ညှိနှိုင်းမှုတွေ လုပ်မယ်လို့ အစိုးရဘက်က ကတိပေးခဲ့တာတွေနဲ့ ပါတ်သက်ပြီး ကောင်းတဲ့ အလားအလာ အဖြစ်ရှုမြင်တာပါ။

ဒါပေမယ့် ကချင်နဲ့ ရှမ်းပြည်နယ်တွေထဲမှာ လက်ရှိ တိုက်ခိုက်နေမှုတွေကတော့ လုံးဝ ရပ်ဆိုင်းပစ်ဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Vijay Nambiar ကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဟာ နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးမြင့်ဖို့ ကြိုးစားနေတာတွေ တွေ့ရပေ မယ့် နိုင်ငံတွင်းမှာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ်အတွက် ရုံးဖွင့်ခွင့်တော့ ခုထိ မရသေးဘူးလို့ ဆိုပါတယ်။