မြန်မာနိုင်ငံ ပြိုလဲသွားနိုင်တဲ့ အန္တရာယ် လူ့အခွင့်အရေး မဟာမင်းကြီး သတိပေး

မြန်မာနိုင်ငံရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင် စနစ်ဟာ လူမှု အဖွဲ့အစည်းရဲ့ သဟဇာတဖြစ်မှုကို ဖျက်စီးနေပြီး နိုင်ငံ ပြိုလဲ သွားနိုင်တဲ့ အန္တရာယ် ပိုကြီးလာစေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က သတိပေးလိုက်ပါတယ်။ လူ့အခွင့်အရေး မဟာမင်းကြီးက သူမရဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တနလာၤနေ့က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာ ကနေ Lisa Schlein ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။


စီးပွားရေး၊ လုံခြုံရေး၊ လွတ်လပ်မှု၊ လူ့အခွင့်အရေးနဲ့ အနာဂတ်ကို အကွက်ကျကျ ဖျက်စီးခံနေရတဲ့ နိုင်ငံတခုရဲ့ စိတ်ပျက် ညှိုးငယ်ဖွယ် အနေအထားကို ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက သူမရဲ့ အစီရင်ခံစာမှာ တင်ပြခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့တာ ၁၃ လတာ ကာလထဲကို ရောက်လာချိန်မှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေး အခြေအနေဟာ ဆိုးရွားလှတဲ့ ပြသနာကြီး ဖြစ်လာသလို နိုင်ငံဟာလည်း လုံးဝဥဿုံ ဖရိုဖရဲ အခြေအနေ ဆိုက်ရောက်နေပြီလို့ Micelle Bachelet က ပြောပါတယ်။ ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ် ရှိခဲ့တဲ့ ဒေသတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်မှုတွေကြောင့် မငြိမ်မသက် ဖြစ်ရပြီလို့ သူမက ပြောပါတယ်။ စီးပွားရေးက ပြိုလဲလု ဖြစ်နေပြီး ၅၅ သန်း နီးပါး ရှိတဲ့ မြန်မာ လူဦးရေရဲ့ ထက်ဝက် နီးပါးဟာ ဒီနှစ် အတွင်းမှာ ဆင်းရဲမွဲတေသွားမယ်လို့ ခန့်မှန်းရကြောင်းလည်း ပြောပါတယ်။

နောက်ဆက်တွဲ ပြသနာတွေ ရှိပေမယ့်လည်း လူထုဟာ သူတို့ရဲ့ လွတ်လပ်စွာ စုဝေးခွင့်နဲ့ ထုတ်ဖော်ခွင့်အပေါ် စစ်တပ်ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုကို ဆက်ပြီး ဆန့်ကျင်နေကြကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ပြောပါတယ်။ သဘောထား ကွဲပြားသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ကြောင်း၊ အများအပြား သတ်ဖြတ်ခံရသလို တရားဥပဒေမဲ့ အစုလိုက် အပြုံလိုက် ဖမ်းဆီး နှိပ်စက် ခံရမှုတွေကိုလည်း လူ့အခွင့်အရေး မဟာမင်းကြီးက ထောက်ပြပါတယ်။

ယုံကြည် စိတ်ချရတဲ့ အရင်းအမြစ် မှတ်တမ်းတွေ အရ သေဆုံးသူ ၁,၆၀၀ ရှိပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသူ အများအပြားလည်း ပါဝင်ပါတယ်။ သေဆုံးသူ အားလုံးရဲ့ ၂၁ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ အနည်းဆုံး လူ ၃၅၀ ဟာ စစ်တပ်ရဲ့ ချုပ်နှောင်မှု အတွင်းမှာ သေဆုံးခဲ့ရတာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း လူပေါင်း ၅ သိန်းကျော်ဟာ အိုးအိမ်စွန့် ထွက်ပြေးနေရပါတယ်။

--------------------------