၂၀၁၈ခုနှစ်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်မှာ ထူးခြားချက်ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ ခုံရုံးတင် တရားစွဲနိုင်ရေး အမှုတင်နိုင်ဖို့ အထောက်အထားအချက်အလက်တွေကို ကောက်ယူမယ့် ယန္တရားအသစ်အတွက် ဘတ်ဂျက်ငွေ ၂၈ သန်း သုံးစွဲမှာဖြစ်ပါတယ်။
အခုလို မြန်မာ့အရေးအတွက် ကုလသမဂ္ဂဘက်က သန်းပေါင်းများစွာ အကုန်အကျခံပြီး သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်ရေးစနစ်ကို ဘာကြောင့် တည်ဆောက်ရသလဲ။ဒီယန္တရားအသစ်က တကယ်ပဲ ထိရောက်မှုရှိပါ့မလား။
စုံစမ်းမေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
နယူးရောက်မှာကျင်းပခဲ့တဲ့ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ ဘဏ္ဍာရေးဆိုင်ရာ ပဉ္စမကော်မတီကနေ မြန်မာနိုင်ငံက လူ့အခွင့်အရေး ဖိနှိပ်မှုတွေကို နိုင်ငံတကာတရားရုံးတွေမှာ စစ်ဆေးအရေးယူနိုင်ဖို့ “ongoing independent mechanism” လို့ခေါ်တဲ့ အဖွဲ့ဝင် ၆၂ ဦးပါတဲ့ တရားဝင်မှတ်တမ်းယူမယ့် အဖွဲ့ ဖွဲ့စည်းမှုအပါအဝင် ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Gutterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Christine Schraner Burgener နဲ့ သူ့ရဲ့ရုံး အတွက် အသုံးစရိတ် ဘတ်ဂျက်ငွေအတွက် ဒေါ်လာ ၂၉ သန်းဆိုပြီး အရင်က လျာထားတာာပါ။
ဒါပေမယ့် တရုတ်က ကန့်ကွက်ခဲ့ပြီး ဘတ်ဂျက်ငွေတဝက်အထိလျော့ချဖို့ တောင်းဆိုခဲ့တာကြောင့် အကြိတ်အကျယ်ဆွေးနွေးခဲ့ကြရပါတယ်။ နောက်ဆုံးမှာ ပဉ္စမကော်မတီဝင် အခြား ကုလအဖွဲ့ဝင်နိုင်ငံတွေက လက်မခံတာကြောင့်Christine Schraner Burgener ရဲ့ မြန်မာပြည်တွင်း သွားလာစရိတ်ထဲက ၅၀% လောက်ပဲ လျော့ချပေးခဲ့ပြီး ဒေါ်လာ ၂၈ သန်းသုံးစွဲဖို့ ပဉ္စမကော်မတီမှာ ပြီးခဲ့တဲ့ စနေနေ့က အတည်ပြုခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ထောက်ခံမဲပေးခဲ့တဲ့ ကနေဒါနိုင်ငံက အားရကျေနပ်မိကြောင်း ကုလသမဂ္ဂဆိုင်ရာ ကနေဒါကိုယ်စားလှယ်က အခုလိုပြောခဲ့ပါတယ်။
“ဒီကနေ့ ကော်မတီအနေနဲ့ ဆောင်ရွက်မှုတွေထဲမှာ အထူးသဖြင့် မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရေးယူအပြစ်ပေးနိုင်ရေးလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ့် “ongoing independent mechanism” ခေါ် တရားဝင်မှတ်တမ်းယူမယ့် အဖွဲ့ကို အချိန်မီ ဖွဲ့စည်းနိုင်မှာဖြစ်တဲ့အတွက် ကနေဒါနိုင်ငံက အားရကျေနပ်မိပါတယ်။ ကုလသမဂ္ဂရဲ့ သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်ရေးစနစ်ဟာ ပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရှိနေတာကို အဆုံးသတ်စေဖို့နဲ့ဆိုးရွားလှတဲ့ လူ့အခွင့်အရေးဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ အတွက် ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့ အလွန်အင်မတန်မှ အရေးပါလှပါတယ်။ တနည်းအားဖြင့် ကမ္ဘာ့အလယ်မှာ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်စေမှာဖြစ်ပါတယ်။”
မြန်မာဘက်ကတော့ အခုလို ဘတ်ဂျက်ငွေသုံးစွဲမယ့်ကိစ္စ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တဦးက ပဉ္စမကော်မတီအစည်းအဝေးမှာ အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။
“ကုလသမဂ္ဂရဲ့ သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်ရေးစနစ်ဟာ အပြုသဘောမဆောင်တဲ့အပြင် ကုလသမဂ္ဂ ဝန်ထမ်းတွေ၊ အခြားအစီအစဉ်တွေကိုလည်း ဖိအားပေးရာရောက်ပါတယ်။ အထူးစောင့်ကြည့်ခံရတဲ့ နိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ဖွဲ့စည်းထားတဲ့ ဘယ် နိုင်ငံရေးဆိုင်ရာ မစ်ရှင်အဖွဲ့မဆို အပြုသဘောဆောင်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလာဒ်မျိုးထွက်အောင် လုပ်နိုင်လိမ့်မယ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့အနေနဲ့ မယုံကြည်ပါဘူး။ ဒါကြောင့်လည်း သီခြားလွတ်လပ်တဲ့ စောင့်ကြည့်ရေးစနစ်အတွက် အသုံးပြုဖို့ ဘတ်ဂျက်ငွေလျာထားချက်ကို မြန်မာဘက်က ထောက်ခံမှာ မဟုတ်ပါဘူး။”
ကုလသမဂ္ဂကဆောင်ရွက်နေတဲ့ မြန်မာအတွက် သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်ရေးစနစ် ယန္တရားအသစ်ဟာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေသာမက အခြားတိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံးကိုပါ စုဆောင်းမှာဖြစ်ပြီး ရလာတဲ့ အထောက်အထား အချက်အလက်တွေကို နိုင်ငံတကာ တရားရုံးတင်ပြဖို့ ဖြစ်တယ်လို့ လူ့အခွင့်အရေးသုတေသနနဲ့ စည်းရုံးလှုံဆော်ရေးအဖွဲ့ဖြစ်တဲ့ ရှေ့ပြေးအသံရဲ့ အကြံပေးဘုတ်အဖွဲ့ ဥက္ကဌ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။
“သူက လူ့အခွင့်အရေးအချက်အလက်ကိုပဲ ကောက်ယူတာမဟုတ်တော့ဘူး။ သူကကျတော့ တရားရုံးမှာ တရားစွဲနိုင်ဖို့အတွက် ခုံရုံးတင်နိုင်ဖို့အတွက် သက်သေခံအထောက်အထားကို ရှာဖွေကောက်ယူပြီးတော့မှ အမှုတင်တာဖြစ်သွားပြီ ဆိုတော့ အခုချပေးလိုက်တယ်ဆိုတဲ့ ဒေါ်လာ ၂၆ သန်းဆိုတာက ပြောမယ်ဆိုရင် ယန္တရားအသစ်အတွက်ကို ပိုပြီးတော့မှ လုပ်ပေးလိုက်တဲ့ သဘောပေါ့။”
မြန်မာအစိုးရနဲ့ စစ်တပ်က သူတို့ဘာသာသူတို့ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တွေအပေါ်မှာ ကုလသမဂ္ဂဘက်က လုံးဝအယုံအကြည်မရှိတာကြောင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး အခုလို ဒေါ်လာ သန်းနဲ့ချီတဲ့ စောင့်ကြည့်ရေး ယန္တရားအသစ်ကို ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဒေါ်ခင်ဥမ္မာက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာက မြန်မာအစိုးရကနေပြီးတော့မှ ရခိုင်ကိစ္စဖြစ်ကတည်းက ရခိုင်ကိစ္စအခြေအနေအတွက်ကို ကော်မရှင်တွေဖွဲ့လာတာတွေရှိတယ်။ ပြည်တွင်းကလူတွေနဲ့ပဲ သူတို့တောက်လျောက်ဖွဲ့ခဲ့တယ်။ စစ်တပ်က ပါတယ် ဒါပေမယ့် ဘယ်တုန်းကမှ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ မလုပ်ခဲ့တဲ့အခါကျတော့ ဘာတွေဖြစ်လို့ ဖြစ်မှန်းမသိသလို ဘယ်သူရဲ့ ယုံကြည်ကိုးစားမှု မှမရဘူး အဖြေလည်းမထွက်ဘူးပေါ့နော်။ အခုနောက်ဆုံး အစိုးရဖွဲ့ထားတဲ့ ကော်မရှင်တခုရှိတယ်။ အဲဒါက ဖိလပိုင်ကအမျိုးသမီးတယောက်၊ ဂျပန်က အမျိုးသားတယောက်နဲ့ ပြည်တွင်းက လူကြီး ၂ ယောက်ပါဝင်ပြီးတော့ ဒီ ၄ ယောက်ဖွဲ့ထားတဲ့ ကော်မရှင်ဆိုရင် ဘာပဲပြောပြောဖွဲ့တော့ဖွဲ့ထားတယ် သို့သော် သူတို့ဖွဲ့စည်းမှုဟာ အရင်က နိုင်ငံခြားသား ၂ ယောက်ပါတာကလွဲရင် ပွင့်လင်းမြင်သာမှုမရှိတာရော၊ တာဝန်ယူမှု တာဝန်ခံမှု အတွက်ကို ဖော်ဆောင်ပေးမယ့် သူ့လုပ်ပိုင်ခွင့်မရှိတဲ့အခါကျတော့ နဂိုကတည်းက ကော်မရှင်က အများယုံကြည်ကိုးစားဖွယ် ဖြစ်တဲ့အနေအထားမျိုးမရှိဘူးပေါ့နော်။ ဒါကြောင့် ကုလသမဂအနေနဲ့က ပြည်တွင်းက ယန္တရားတွေက ယုံကြည်ကိုးစားစရာမရှိတဲ့အတွက်ကြောင့် သူတို့ဘက်က အခုလို နိုင်ငံကုလသမဂက ဖွဲ့စည်းပေးလိုက်တဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ ယန္တရားတွေဖွဲ့စည်းဖို့အတွက် သူတို့ဘက်က ဆုံးဖြတ်ချက်ခိုင်မာသွားတာလည်းဖြစ်နိုင်တယ်ရှင့်။”
ဒီနှစ်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့မြန်မာ့အရေးဆုံးဖြတ်ချက်မှာပါတဲ့ သီးခြားလွတ်လပ်တဲ့ စောင့်ကြည့်ရေးစနစ်တွက် သုံးစွဲမယ့် ဒေါ်လာ ၂၈သန်းထဲမှာ ၂၆ သန်းကျော်ကို ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ် ဦးဆောင်မယ့် အဖွဲ့ဝင် ၆၂ ဦးပါတဲ့ တရားဝင်မှတ်တမ်းယူမယ့် အဖွဲ့ အပါအဝင် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး စုံစမ်း စစ်ဆေးရေးမှူး ယန်ဟီလီနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်လက် ရှာဖွေရေး ကော်မရှင် တို့အတွက် သုံးစွဲမှာဖြစ်ပါတယ်။ ကျန်တဲ့ ဘတ်ဂျက်ငွေ တသန်းကျော်ကိုတော့ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Christine Schraner Burgener နဲ့ သူ့ရဲ့ရုံးအတွက် သုံးစွဲမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5