ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံတွေ ထိပ်သီးအစည်းအဝေး ကာတာမှာစတင်

United Nations Secretary General Antonio Guterres

ကမ္ဘာပေါ်က ဆင်းရတဲ့နိုင်ငံတွေအပေါ် ချမ်းသာတဲ့ နိုင်ငံတွေရဲ့ ပြုမှုဆက်ဆံပုံတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေနဲ့ စွမ်းအင်ကြွယ်ဝတဲ့ နိုင်ငံတွေဟာ ဆင်းရဲတဲ့နိုင်ငံအပေါ်မှာ အတိုးနှုန်းတွေနဲ့ လောင်စာဆီဈေးနှုန်းတွေ တိုးမြှင့်ပြီးတော့ အကြပ်ရိုက်စေတယ်လို့ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာပေါ်က ဖွံဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံများညီလာခံမှာ ဝေဖန်လိုက်ပါတယ်။

“ကျနော်တို့ ထပ်ပြီးတော့ အချိန်ဆွဲနေလို့ မရတော့ပါဘူး။ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံတွေဟာ ဘေးဒုက္ခပြဿနာ အကျပ်အတည်းတွေ၊ မရေရာမှုတွေ၊ ရာသီဥတုဖောက်ပြန်မှုတွေ နဲ့ ကမ္ဘာလုံးဆိုင်ရာအကြီးအကျယ် မညီမျှမှုတွေ တိုးလာနေတဲ့ကြားမှာပဲ ပိတ်မိနေပါတယ်” လို့ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ ဒီလိုဆင်းရဲမှုသံသရာထဲမှာ ပိတ်မိနေတဲ့နိုင်ငံတွေကို တနှစ်ကို ဒေါ်လာဘီလျံ ၅၀၀ လောက် ပံ့ပိုးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

LDC နိုင်ငံတွေကတော့ သူတို့တွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေကိုလည်း ရသင့်သလောက်မရဘဲ၊ ကာကွယ်ဆေးအများစုဟာ ဥရောပနဲ့ မြောက်အမေရိကတိုက်ကပဲ အဓိကရရှိခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးနိုင်ငံ ၄၆ နိုင်ငံရှိတဲ့အထဲက နိုင်ငံ ၄၀ ကျော်က ခေါင်းဆောင်တွေ နဲ့ ကိုယ်စားလှယ်တွေ ဒီညီလာခံကို တက်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ LDC နိုင်ငံထဲမှာပါတဲ့ မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေက ခေါင်းဆောင်တွေကတော့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုတဲ့အတွက် မတက်ရောက်ခဲ့သလို၊ စီးပွားရေးအင်အာကြီးနိုင်ငံတွေက ခေါင်းဆောင်တွေလည်း တက်ရောက်တာ မရှိခဲ့ပါဘူး။

==== Unicode =====



