စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ပြန်ရောက်ရေး မျှော်လင့်ချက်တွေဟာ စနစ်တကျဖိခံနေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ပြောကြားလိုက်ပါတယ်။ အာဆီယံနဲ့ ဆက်စပ်ထိပ်သီး ဆွေးနွေးပွဲတွေကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်က သတင်းစာရှင်းပွဲမှာ ဒီနေ့ပြောကြားခဲ့တာဖြစ်ပါတယ်။
ပြည်သူတွေရဲ့ လိုလား မျှော်လင့်ချက်တွေကို နားထောင်ဖို့ မြန်မာစစ်အာဏာပိုင်တွေကို သူ့အနေနဲ့ ထပ်မံ တိုက်တွန်းသလို၊ နိုင်ငံရေး အကျဉ်သားအားလုံးကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီ အုပ်ချုပ်မှုကို ပြန်ရောက်စေမယ့် တံခါးဖွင့်ပေးဖို့ အာဆီယံထိပ်သီးအစည်းအဝေးတွေတက်ရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သတင်းစာရှင်းပွဲမှာ ပြောကြားသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေ ပိုပြီးဆိုးဝါးနေတဲ့အပေါ်မှာလည်း စိုးရိမ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအဖြေတခုရှာဖို့ သံဓိဌာန်ခိုင်ခိုင်မာမာ ဆက်ရှိနေတာကိုလည်း သူကပြောကြားသွားပါတယ်။ နိုင်ငံရေးအကျဉ်းသား အာလုံးပြန်လွှတ်ဖို့နဲ့ နိုင်ငံထဲမှာ ဒီမိုကရေစီ စနစ်ပြန် ရှင်သန်နိုင်ရေးအတွက် နိုင်ငံရေးအဖြေလိုအပ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံအရေး နိုင်ငံတွေအားလုံး တူညီတဲ့ မဟာဗျုဟာချမှတ်ဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲအပြီး၊ အမေရိကန်နဲ့ အာဆီယံ ထိပ်သီးညီလာခံ၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေးစတဲ့ ဆက်စပ်အစည်းအဝေးတွေ အင်ဒိုနီးရှားနိုင်ငံမှာ ဆက်လက်ကျင်းပနေတာပါ။ လုံခြုံရေးအခြေအနေ ဆိုးလာနေတဲ့ မြန်မာ့အရေးဟာ နိုင်ငံတကာအရေးကိစ္စတွေတန်းတူ ဒေသတွင်းမှာ ဦးစားပေးအာရုံစိုက်ခံနေရပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု အဆုံးသတ်ရေး စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ့်အကြောင်းနဲ့ အားလုံးပါဝင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်အောင်လုပ်ဆောင်ဖို့ ဒေသတွင်းနိုင်ငံတွေကို အမေရိကန် ဒုသမ္မတ Kamala Harris က ဗုဒ္ဓဟူးနေ့က တိုက်တွန်းခဲ့ပါတယ်။
Your browser doesn’t support HTML5