ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာအစီရင်ခံစာ တင်သွင်း

မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ပြဿနာတွေလို စိန်ခေါ်မှုတွေ ရှိနေတဲ့ အခြေအနေတွေကိုလည်း အထူးကိုယ်စားလှယ် Yanghee Lee က နယူးယောက် ကုလသမဂ္ဂရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အထွေထွေညီလာခံရဲ့ တတိယကော်မတီမှာ တင်ပြသွားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ရွေးကောက်ပွဲတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လွတ်လပ်မျှတမှုရှိရှိ ကျင်းပသွားမယ်လို့ မြန်မာအစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့က ကတိပြုပြောကြား ထားတဲ့အပေါ် ကြိုဆိုပေမဲ့ စိုးရိမ်စရာတွေ၊ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲကို နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာခွင့် ပေးတာတွေလို အပြုသဘောဆောင်တဲ့ အစီအစဉ်တွေ တွေ့ရပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း မစ် Yanghee Lee က ပြောဆိုခဲ့ပါတယ်။

“ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ကြားခဲ့တဲ့အပေါ် ကြိုဆိုပေမဲ့လည်း ကိုယ့်မဲဆန္ဒနယ်မြေမှာ မဟုတ်တဲ့သူတွေ ကြိုတင်မဲ ပေးခွင့်နဲ့ ပတ်သက်လို့ မကြာသေးခင်တုန်းက ကြေညာခဲ့ရာမှာ၊ စစ်တပ်နဲ့ မိသားစုဝင်တွေ ကြိုတင်မဲပေးတဲ့အခါမှာတော့ စောင့်ကြည့်လေ့လာခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့တာကတော့ စိတ်ပျက်စရာပါ။ ဒါဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျမကို ကတိပေးထားတာနဲ့ ကွဲလွဲနေပါတယ်။”

ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေ အလွဲလွဲအမှားမှား ဖြစ်နေတာဟာလည်း စိတ်ပျက်စရာကောင်းတဲ့ ကိစ္စအဖြစ် အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါ တယ်။ လုံခြုံရေးအခြေအနေကြောင့် ရာနဲ့ချီတဲ့ မြို့နယ်တွေနဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲတွေ မကျင်းပဖို့ ကော်မရှင်က ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာလည်း စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒီလိုအခြေအနေအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ အများလက်ခံနိုင်စရာ မဖြစ်ဘူးဆိုရင် လည်း ရွေးကောက်ပွဲလွန် ကာလဟာ ပိုပြီးစိုးရိမ်စရာတွေ ကြုံရလိမ့်မယ်လို့ အထူးကိုယ်စားလှယ်က သတိပေးသွားခဲ့ပါတယ်။

“ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ယုံကြည်လက်ခံမှုနဲ့ တရားဝင်မှုရှိတယ်လို့ အများက လက်မခံခဲ့ဘူး ဆိုရင်တော့ ရွေးကောက်ပွဲနောက်ပိုင်း၊ သမ္မတသစ်တဦး ရွေးချယ်ရာမှာ၊ အစိုးရသစ်တရပ် ဖွဲ့စည်းရာမှာ မတည်မငြိမ် အခြေအနေတွေ တင်းမာမှုတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားဖို့ အလွန်ပဲ အရေးကြီးပါတယ်။”

ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် ယှဉ်ပြိုင်ကြမယ့်အထဲက မူဆလင် အများစု အပါအဝင် ကိုယ်စားလှယ် ၆၀ ကျော်ကို နိုင်ငံသားဖြစ်-မဖြစ် ဆိုတဲ့အပေါ် အခြေခံပြီး ယှဉ်ပြိုင်ခွင့် ပယ်ဖျက်လိုက်တာကိုလည်း အထူးကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် လာတဲ့ ၄ နှစ်တာ ကာလအတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုတချို့ ရှိလာတာကို အထူးကိုယ်စားလှယ်က အသိအမှတ်ပြု ပြောဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပွင့်လင်းမြင်သာမှုရှိရှိ၊ ကျင်းပဖို့အပြင် နိုင်ငံရေးမှာ ဘာသာရေးကို ခုတုံးလုပ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေတာဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တဲ့အကြောင်း အလေးထား ပြောဆိုသွားပါတယ်။

“နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဘာသာရေးကို အသုံးမချဖို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက တားမြစ်ထားသလို၊ ဘာသာရေး အကြောင်းပြပြီး မဲဆွယ်တာတွေမလုပ်ဖို့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေတွေက တားမြစ်ထားပါတယ်။ ဒါပေမဲ့လည်း ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီတွေက လူနည်းစုတွေအပေါ် မုန်းတီးအောင် လှုံ့ဆော်တဲ့ စိတ်ပျက်စရာ လုပ်ရပ်တွေကိုလည်း ကျမလေ့လာစုံစမ်း သိရှိရပါတယ်။ လူနည်းစုတွေ အခွင့်အရေးအတွက် ကာကွယ်၊ ရပ်တည် ပြောဆိုကြတဲ့ အရပ်ဖက် လူမှုအသိုင်းအဝိုင်းကလူတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေကို ခြိမ်းခြောက်နှောင့်ယှက်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။”

အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ မကြာသေးခင်တုန်းက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တာလို တိုးတက်မှုတချို့ ရှိတယ်ဆိုပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတာ၊ လူနည်းစု မူဆလင် ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိနေတာဟာ အနှုတ်လက္ခဏာဆောင်တဲ့ လုပ်ရပ်တွေအဖြစ်နဲ့ ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ ဒေသခံ အရပ်သားတွေကို အဓမ္မတ တပ်သားစုစောင်းတာ၊ စစ်ပေါ်တာဆွဲတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို စိုးရိမ်ကြောင်းလည်း ပြောဆို သွားခဲ့ပါတယ်။

ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြသူတွေကို လက်ပံတန်းမှာ အာဏာပိုင်တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး တချို့ကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားတာနဲ့ မြန်မာသတင်းထောက်တွေဟာလည်း တရားစွဲဆိုခံနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာတွေကိုလည်း အထူးကိုယ်စားလှယ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်က မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်တဲ့ပုံတွေ Facebook မှာ ဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ပက်ထရစ် ကွမ်ဂျာလီနဲ့ မချောစန္ဒီတို့ နှစ်ဦး ဖမ်းဆီးခံနေရတဲ့ကိစ္စကိုလည်း အထူးကိုယ်စားလှယ်က ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီအတွက်လည်း ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရသစ်အနေနဲ့ နိုင်ငံရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ သာမကပဲ လူ့အခွင့်အရေး ပြဿနာတွေကိုလည်း ဦးစားပေး ဖြေရှင်းဖို့ လိုမယ်လို့ တိုက်တွန်း ပြောကြားသွားပါတယ်။ ဒါ့အပြင် မစ် Yanghee Lee ဟာ ကြာသပတေးနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာလည်း ဖြစ်ပါတယ်ရှင်။