ယူကရိန်းအစိုးရနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကြား စစ်သုံ့ပန်းလဲလှယ်တဲ့ အစီအစဉ်ကို သောကြာနေ့မှာ စတင်လုပ်ဆောင် နေပြီး၊ ရာနဲ့ချီတဲ့ ဖမ်းဆီးထားသူတွေကို ညနေပိုင်းမှာ လွှတ်ပေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီလို အပြန်အလှန် စစ်သုံ့ပန်းတွေဖလှယ်တဲ့နေရာမှာ ပြီးခဲ့တဲ့ ၈ လ အတွင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ဖမ်းဆီးခံထားရတဲ့ ခွဲထွက်ရေးသူပုန် အဖွဲ့ဝင် ၂၂၂ ကျော်နဲ့ ယူကရိန်း အစိုးရတပ်ဖက်က တပ်ဖွဲ့ဝင် ၁၄၆ ပါဝင်ပါတယ်။
အခုသတင်းပတ်အတွင်း ဘီလာရွတ်ဆီယံရဲ့ မြို့တော် Minsk မှာ ရရှိခဲ့တဲ့ နှစ်ဖက် သဘောတူညီမှုအရ အခုလို စစ်သုံ့ပန်းတွေ အပြန်အလှန် ဖလှယ်ကြတာဖြစ်ပါတယ်။
ယူကရိန်းအစိုးရနဲ့ ရုရှားကထောက်ခံထားတဲ့ ရုရှားလိုလားသူ ခွဲထွက်ရေးသူပုန်တွေရဲ့ ကိုယ်စားလှယ်တွေဟာ အခုသတင်းပတ် စောစောပိုင်းမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု အသစ်ပြုလုပ်ခဲ့ကြပြီး အဲဒီဆွေးနွေးပွဲမှာ ရုရှားအစိုးရနဲ့ OSCE လို့ခေါ်တဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။
ညှိနှိုင်းဆွေးနွေးနေသူတွေက ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ချုပ်ဆိုခဲ့တဲ့ အပစ်ရပ်ရေး သဘောတူညီချက် ခိုင်မာမှုရှိစေဖို့ နည်းလမ်းကို အာရုံစိုက် ဆွေးနွေးနေကြပါတယ်။
ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲအဖြစ် သောကြာနေ့မှာ ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြပြီး ယူကရိန်း နိုင်ငံအရှေ့ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်စဲဖို့ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရေးအတွက် ဖြစ်ပါတယ်။