ယူကရိန်းနိုင်ငံအနေနဲ့ ဂရစ်ပင် Gripen တိုက်လေယာဉ်တွေ ဆွီဒင်နိုင်ငံဆီက ရရှိနိုင်ရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးမှုတွေ စတင်နေပြီလို့ ဆွီဒင်နိုင်ငံမှာရောက်ရှိနေတဲ့ ယူကရိန်းသမ္မတက ဒီကနေ့ စနေနေ့မှာဘဲ ပြောသွားပါတယ်။
စတော့ဟုမ်းမြို့တော်မှာ ရောက်ရှိနေတဲ့ သမ္မတ Zelenskiy က ဆွီဒင်ဝန်ကြီးချုပ် အဲ့လ်ဖ် ခရစ္စတာဆန် Ulf Kristersson အစိုးရအိမ်တော်မှာ တွေ့ဆုံ ဆွေးနွေးအပြီး ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲအတွက် သံချပ်ကာကားတွေ၊ လေယာဉ်ပစ် လက်နက်တွေနဲ့ တိုက်ခိုက်ရေး စစ်ကားတွေ ပေးအပ်ပြီး ယူကရိန်းဘက်ကနေ ဆွီဒင်က ကူညီနေတာ ဖြစ်ပါတယ်။ ဆွီဒင်အစိုးရအနေနဲ့ ဒေါ်လာ သန်း ၃၀၀ ကျော်ဖိုး စစ်ရေးအထောက်အပံ့တွေ ထပ်ပြီးပေးသွားဖို့ စီစဉ်နေတယ်လို့ ဆွီဒင် ကာကွယ်ရေးဝန်ကြီး ပယ်လ် ဂျွန်ဆန် Pal Jonson က ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ပြောသွားခဲ့တာပါ။
ဒီထောက်ပံ့မှုတွေထဲမှာ အဓိကအားဖြင့် လက်နက်ခဲယမ်းတွေနဲ့ အရင်က ပေးအပ်ထားတဲ့ လက်နက်စံနစ်တွေ အတွက် အရံပစ္စည်းတွေ ပါဝင်မှာပါ။ ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်စစ် စတင်ကတည်းက ဆွီဒင်က ကူညီ ထောက်ပံ့နေတာမှာ အခုတကြိမ်ဟာ ၁၃ ကြိမ်မြောက်ဖြစ်ပြီး စုစုပေါင်းဆိုရင် ဒေါ်လာသန်း ၂၀၀၀ နီးပါးဖိုး ကူညီပေးပြီး ဖြစ်ပါတယ်။