ယူကရိန်း ဂျက်လေယာဉ် ခွဲထွက်ရေးသမားတွေ ပစ်ချ

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ပစ်ချခံရတဲ့ Mig 29 အမျိုးအစား တိုက်ဂျက်လေယာဉ်

ယူကရိန်းနိုင်ငံက စစ်ဒဏ်သင့်နေတဲ့ အရှေ့ပိုင်းဒေသမှာ တနင်္ဂနွေနေ့က Mig-29 ယူကရိန်း တိုက်ဂျက်လေယာဉ်ကို ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေက ပစ်ချခဲ့ပါတယ်။ လေယာဉ်မှူးကတော့ ဂျက်လေယာဉ်နဲ့အတူပါမသွားပဲ ခုန်ဆင်းနိုင်ခဲ့တာမို့ Luhansk ဒေသမှာ သွားပြီး သူ့ကို ကယ်တင်ခဲ့ရတယ်လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရက ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းထဲကို ဝင်ဖို့ပြင်နေတဲ့ များပြားလှတဲ့ ရုရှား ထောက်ပံ့ရေးမော်တော်ယာဉ်တန်းကို စတင်စစ်ဆေးဖို့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ တာဝန်ခံအရာရှိတွေဟာ ယူကရိန်းနယ်စပ်က ရုရှားနိုင်ငံထဲကို ရောက်ရှိသွားပြီလို့ ပြင်သစ်သတင်းက ဖေါ်ပြပါတယ်။

ယူကရိန်းနိုင်ငံက စစ်ဘေးသင့် ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအထောက်အကူပေးရေးပစ္စည်းတွေ ဖြန့်ဝေပေးမယ့် ရုရှားနိုင်ငံက ယာဉ်တန်း။ (သြဂုတ် ၁၇၊၂၀၁၄)

ဒီမော်တော်ယာဉ်တန်းကို ဘယ်လို စစ်ဆေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး စနေနေ့ကပဲ ICRC နဲ့ သဘောတူညီချက် ရထားပြီလို့ ICRC ပြောခွင့်ရ အမျိုးသမီးက သတင်းဌာနတွေကို ပြောပါတယ်။ ဒီစစ်ဆေးမှုကို ဒီကနေ့ စတင်နိုင်ဖို့တော့ မသေချာဘူးလို့ ပြောကြားခဲ့သလို ယူကရိန်း အရာရှိတွေကတော့ ICRC က စစ်ဆေးမှုတွေ စတင်နိုင်ပြီလို့ ဆိုပါတယ်။

ရုရှားနိုင်ငံထဲက Kamensk-Shakhtinsky မြို့ကလေးမှာ ထောက်ပံ့ရေး ပစ္စည်းတွေတင်ထားတဲ့ မော်တော်ယာဉ် အစင်းပေါင်း ၃၀၀ လောက်ရောက်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ ကူညီရေးပစ္စည်းတွေ ယူကရိန်းနယ်စပ်ကို ကျော်ဖြတ်ခွင့်ရဖို့ စောင့်ဆိုင်းနေတာပါ။ ယူကရိန်းတပ်တွေနဲ့ ခွဲထွက်ရေး သမားတွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပိတ်မိနေကြတဲ့ ယူကရိန်းနိုင်ငံသားတွေကို ICRC က ဒီထောက်ပံ့ရေး ပစ္စည်းတွေ ဖြန့်ဝေပေးဖို့ တာဝန်ယူထားတာ ဖြစ်ပါတယ်။

ဒီမော်တော်ယာဉ်တွေကို စေလွှတ်တာဟာ လူသားချင်းစာနာမှုဆိုင်ရာ သက်သက်ပဲလို့ ရုရှားအစိုးရက ပြောပေမယ့် ယူကရိန်းအစိုးရကတော့ ဒါဟာ ယူကရိန်းကို ဝင်ရောက်ကျူးကျော်ဖို့ ပရိယာယ်ဆင်တာ ဒါမှမဟုတ် ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကို လက်နက်တွေဖြည့်ပေးဖို့ လမ်းရှာတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ယူကရိန်း ပြဿနာကို ဆွေးနွေးဖို့ ဒီကနေ့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။