Mariupol မြို့ လက်နက်ချဖို့ ရုရှားရာဇသံ ယူကရိန်းငြင်းဆန်

In this image from video provided by the Ukrainian Presidential Press Office, Ukrainian President Volodymyr Zelenskyy speaks from Kyiv, Ukraine, early Sunday, March 20, 2022. (Ukrainian Presidential Press Office via AP)

ယူကရိန်း မြို့တော် Kyiv ကို ရုရှားက ပိုပြီး ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေချိန်မှာပဲ ရုရှားတပ်တွေဝိုင်းထားတဲ့ တောင်ပိုင်းက ဆိပ်ကမ်းမြို့ Mariupol ကို လက်နက်ချဖို့ ရုရှားရဲ့ရာဇသံပေးမှုကို ယူကရိန်းက လက်မခံ ငြင်းပယ်လိုက်ပါတယ်။

လက်နက်ချအညံ့ခံဖို့ ရုရှားရဲ့ တောင်းဆိုမှုကို ယူကရိန်း ဒုတိယဝန်ကြီးချုပ် Irina Vereshchuk က ငြင်းပယ်လိုက်ပြီး ရုရှားအနေနဲ့ Mariupol ဒေသခံတွေ ထွက်ခွါနိုင်အောင် လူသားစာနာမှု လမ်းကြောင်း ဖွင့်ပေးသင့်တယ်လို့ ရုရှားဘက်ကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း Ukrainian Pravda သတင်းဌာနကိုပြောကြားခဲ့တာပါ။ ရုရှားအစိုးရသတင်းဌာန RIA မှာတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းစစ်တပ်ကို လက်နက်ချအညံ့ခံဖို့ တနင်္လာနေ့ အာရုံမတက်ခင်အထိ အချိန်ပေးထားကြောင်း ဖေါ်ပြပါတယ်။

Mariupol မြို့မှာ ရုရှားရဲ့ လုပ်ဆောင်မှုတွေဟာ အလွန်ဆိုးဝါးကြောင်း အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ပြောပါတယ်။ အဲဒီမှာ ဘာမှ ခွဲခြားမှုမရှိပဲ တွေ့ရာကို ဖျက်ဆီး၊ ဗုံးကြဲ၊ တွေ့ရာလူကို သတ်ဖြတ်ပြီး ကြီးမားတဲ့စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ကြောင်း ဘရပ်ဆဲလ်က အီးယူနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းဝေးမှာ မစ္စတာ Borrell က ပြောခဲ့တာဖြစ်ပါတယ်။

Kyiv မြို့မှာ ဗုဒ္ဓဟူးနေ့မနက်အထိ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ ကာဖျူးမိန့် အသစ်ကို မြို့တော်ဝန် Vitali Klitschko က ထုတ်ပြန်လိုက်ချိန်မှာပဲ မြို့တော်က ဈေးစင်တာတခု ဗုံးကြဲအတိုက်ခိုက်ခံရပြီး လူ၈ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ အခုဆို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် လူနေတိုက်ခန်းအဆောက်အဦးတွေ၊ ကျောင်းတွေ စုစုပေါင်း ၇၂ - ခုပျက်စီးခဲ့ရသလို လူပေါင်း ၃၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။

အခုအချိန်မှာ ရုရှားတပ်တွေဟာ မြို့တော် Kyiv အနောက်မြောက်ဘက် ၁၀ မိုင်လောက် အကွာကို ရောက်နေပြီလို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ ရုရှားရဲ့ ယူကရိန်းအပေါ် အဓိပ္ပါယ်မဲ့ မတရားတိုက်ခိုက်မှုကို ပူးပေါင်းတုန့်ပြန်ဖို့ ညှိနှိုင်းမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူကပြောဆိုထားတဲ့ ယူကရိန်းအရေးဆွေးနွေးပွဲကို တနင်္လာနေ့မှာ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီနဲ့ ဗြိတိန်ခေါင်းဆောင်တွေ ကျင်းပခဲ့ကြပါတယ်။

------------------





