မြန်မာ့အရေး ဗြိတိန်လွှတ်တော်မှာ မေးခွန်းထုတ်

ဗြိတိန်အထက်လွှတ်တော်က မြန်မာ့အရေးဆွေးနွေးပွဲ (ဇွန်လ ၁၂ ရက်)

မြန်မာအစိုးရဖွဲ့စည်းမယ့် ရခိုင်စုံစမ်းရေးကော်မရှင်ဟာ ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်နိုင်ရေး သေချာအောင်ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရက ပြောကြားလိုက်ပါတယ်။ ဒါအပြင် ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ခွင့်ပြုဖို့လည်းတိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းသာမက လက်ရှိ ကချင်ပြည်နယ်မှာလည်း စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ဆောင်ရွက်ချက်တွေကို ဇွန်လ ၁၂ ရက်နေ့က ဗြိတိန်အထက်လွှတ်တော်မှာ အပြန်အလှန်မေးခွန်းထုတ် ဆွေးနွေးခဲ့ကြပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံ ဆက်ပြီးတင်ပြမှာပါ။

FCO ခေါ် ဗြိတိန်နိုင်ငံခြားရေးနဲ့ ဓနသဟာရ ရုံး ဝန်ကြီး Lord Tariq Mahmood Ahmad က ဗြိတိန် အထက်လွှတ်တော်မှာ မြန်မာ့အရေး ဖြေကြားနေစဉ် (ဇွန်လ ၁၂ ရက်)

မြန်မာ့အရေး လက်ရှိ ဗြိတိန်အစိုးရအနေနဲ့ ဘာတွေဆောင်ရွက်နေသလဲဆိုတာကို FCO ခေါ် ဗြိတိန်နိုင်ငံခြားရေးဌာနရုံးရဲ့ ဓနသဟာရနဲ့ ကုလသမဂ္ဂရေးရာ ဝန်ကြီး Lord Ahmad of Wimbledon က ဗြိတိန် အထက်လွှတ်တော်မှာ အခုလို စတင် ဖြေကြားခဲ့ပါတယ်။

"ကချင်ပြည်နယ်မှာ ဧပြီလကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေရဲ့ အခြေအနေကို ဗြိတိန်အစိုးရအနေနဲ့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်မိပါတယ်။ ရန်လိုတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ ဒုက္ခသည်တွေအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ခွင့်ပြုဖို့မြန်မာစစ်တပ်အပါအဝင် သက်ဆိုင်သူအားလုံးကို ဗြိတိန်အစိုးရက တောင်းဆိုပါတယ်။ ရခိုင်ကိစ္စမှာတော့ ညှမ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေမှာ ကျူးလွန်ခဲ့သူတွေကို တရားစီရင်နိုင်အောင် အစိုးရကိုယ်တိုင်ဖွဲ့စည်းမယ့် စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိ မဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်တိုင်မလုပ်နိုင်ဘူးဆိုရင်တော့ တရားစီရင်ရေးအတွက်နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီကို မြန်မာအစိုးရအနေနဲ့ စဉ်းစားရပါလိမ့်မယ်။"

Liverpool မဲဆန္ဒနယ် အထက်လွှတ်တော်အမတ် Lord Alton က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေက ရိုဟင်ဂျာ ရွာတွေ မီးရှို့ဖျက်စီးတာ၊ လူတွေကို ညှမ်းပန်းနှိပ်စက်သတ်ဖြတ်တာ၊ အတင်းအဓမ္မပြုကျင့်တာ စတဲ့ အကြမ်းဖက်ဖိနှိပ်မှုကြောင့် သိန်းနဲ့ချီပြီး ရိုဟင်ဂျာမွတ်စလင်တွေ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ အခြေအနေကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအဖြစ် သတ်မှတ်ခဲ့သလို အခု ကချင်နဲ့ ရှမ်း ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နောက်ထပ် စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

“ဒီလို လွန်ကဲတဲ့ စစ်ရာဇဝတ်ကျူးလွန်မှု ဒါမှမဟုတ် လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုဆိုတဲ့ စွပ်စွဲချက်တွေအတွက်ICC ခေါ် နိုင်ငံတကာရာဇဝတ်ခုံရုံးတင်စစ်ဆေးဖို့ အဆိုပြုချက်ကိုဗြိတိန်နိုင်ငံအနေနဲ့ ဘယ်လို တုန့်ပြန်မလဲ။ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်ခေါင်းဆောင်တွေ ကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်ဖို့ အချိန်ရောက်နေပါပြီ။”

ဒီအပေါ်မှာ Lord Ahmad of Wimbledon က အခုလို တုန့်ပြန်ဖြေကြားခဲ့ပါတယ်။

“လွှတ်တော်အမတ် နောက်ဆုံးပြောသွားတဲ့အချက်ဖြစ်တဲ့ ဒဏ်ခတ်အရေးယူဖို့ ကိစ္စ ဗြိတိန်အစိုးရအနေနဲ့ နည်းလမ်းရှာဖွေခဲ့ပြီးပါပြီ။ မြန်မာစစ်တပ်ထဲမှာရှိနေတဲ့ ရာထူးအဆင့်လိုက် တာဝန်ရှိသူအများအပြားကို အရေးယူထားပြီပါပြီ။ ဆက်လက်ပြီးတော့လည်း လုပ်ဆောင်သွားမှာပါ။ အတိအကျ တုန့်ပြန် ပြောရမယ်ဆိုရင် ပထမဆုံးအချက်က ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးကြသူတွေ ကိစ္စဆိုရင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်ရောက်နေတဲ့ ရိုဟင်ဂျာတသန်းလောက် အချိန်ကြာလာတာနဲ့အမျှ အခြေအနေတွေဆိုးရွားလာနေသလိုပဲ အခု ခရစ်ယာန်ဘာသာအများစုကိုးကွယ်တဲ့ ကချင်ပြည်နယ်မှာလည်း လူတွေ ဒုက္ခရောက်နေကြပါတယ်။ ကချင်စစ်ဘေးဒုက္ခသည်တွေဟာ ဘေးလွတ်ရာ လှည့်လည်တိမ်းရှောင်နေကြရပါတယ်။ ဒါပေမယ့် သူတို့အခြေအနေတွေ တိတိကျကျ ထုတ်ဖေါ်ပြောဆိုမခံရတာက အဲဒီဒေသဘက်ကို သွားရောက်ကြည့်ရှုခွင့်မရလို့ဖြစ်ပါတယ်။ ဒါပေမယ့် မျှော်လင့်ချက် ရောင်ခြည်တော့ရှိလာပါတယ်။ အရပ်သားအစိုးရအနေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေဖြစ်တဲ့ UNHCR ၊ UNDP တို့နဲ့ ပထမဆုံးအကြိမ် ဇွန်လ ၇ ရက်နေ့က MoU နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။ ရခိုင်နဲ့ကချင်ပြည်နယ်မှာ ဒုက္ခသည်အာလုံး နေရပ်ပြန်နိုင်ရေး သေချာအောင် ကျနော်တို့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင်လည်းအရပ်သားအစိုးရခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းနဲ့ စကားပြောဆိုရာမှာ ထပ်မံ တိုက်တွန်းခဲ့ပါတယ်။”

မြန်မာစစ်တပ်ခေါင်းဆောင်တွေကို ICC ရာဇဝတ်ခုံရုံးတင်ရေးကိစ္စ ဗြိတိန်အစိုးရရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတဲ့ လွှတ်တော်အမတ်တဦးရဲ့ မေးခွန်းကိုတော့ Lord Ahmad of Wimbledon က အခုလို ဖြေကြားခဲ့ပါတယ်။

“ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တင်ဖို့ကို ဗြိတိန်အစိုးရအနေနဲ့ အပြည့်အ၀ ထောက်ခံထားတယ်ဆိုတာ ကျနော် အခိုင်အမာပြောနိုင်ပါတယ်။ အပြစ်ကျူးလွန်သူတွေကို တရားစီရင်နိုင်ရေးအတွက် ICC ခုံရုံးတင်ဖို့ကြိုးစားဆောင်ရွက်နေတဲ့ အစီအစဉ်အားလုံးကိုလည်း ဗြိတိန်အစိုးရက ထောက်ခံပါတယ်။”

ဇွန်လ ၁၂ ရက်နေ့က ဗြိတိန်အထက်လွှတ်တော်မှာကျင်းပတဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ ပဋိပက္ခ အခြေအနေနဲ့ ပတ်သက်လို့ လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို တရားစီရင်အပြစ်ပေးနိုင်ဖို့ ICC ခုံရုံးတင်ရေး အလားအလာတွေကို လွှတ်တော်အမတ်အများအပြား ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကိုယ်တိုင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်း နဲ့ ဆက်သွယ်စကားပြောရာမှာ မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအေဂျင်စီတွေကြား နားလည်မှုစာချွန်လွှာရေးထိုးခဲ့တာကို ဗြိတိန်နိုင်ငံအနေနဲ့ ကြိုဆိုကြောင်းနဲ့ ရခိုင်နဲ့ ကချင်ပြည်နယ်တွေမှာ ဒုက္ခသည်အားလုံးနေရပ်ပြန်နိုင်ရေး သေချာအောင်ဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။