(Zawgyi/Unicode)
မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံနေရတဲ့ UDP ခေါ် နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်ဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ ထောင်ပြေးအမှုရော၊ အရင် ကြွေးကျန် ထောင်ဒဏ်တွေအပြင် နောက်ထပ် စစ်ဆေးပေါ်ပေါက်လာနိုင်တဲ့ အမှုတွေအတွက်ပါ ပြစ်ဒဏ်ကျခံရဖွယ် ရှိတယ်လို့ ဥပဒေပညာရှင် တချို့နဲ့ လေ့လာစောင့်ကြည့်သူတချို့ သုံးသပ်ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်းတင်ပြထားပါတယ်။
နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်ကို ၁၉၉၉ ခုနှစ် အိုးဘိုအကျဉ်းထောင် ကနေ ထွက်ပြေးသွားမှုအတွက် အောက်တိုဘာ(၂)ရက် သောကြာနေ့က မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ်တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၂၂၄ နဲ့ တရားစွဲဆို လိုက်တာပါ။ ဒါပေမဲ့ အရင်က လက်ကျန် ထောင်ကြွေးတွေကို ပြန်လည် ကျခံရမယ်လို့ ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက သတင်းထောက်တွေကို ရှင်းပြပါတယ်။
" ကျခံရန် ကျန်ရှိတဲ့ ထောင်ဒဏ်ကိုတော့ ထောင်ကဆက်လက် အတည်ပြုပြီးတော့ ဆောင်ရွက်သွားမှာပါ။ အဲဒါက သူ့အပိုင်း။ တရားရုံးမှာ လက်ရှိတင်တဲ့အပိုင်းကတော့ ဒီ ထောင်ပြေးမှုပေါ့နော် ပုဒ်မ ၂၂၄ အရ စွဲတဲ့အမှုကို တရားရုံးက ဆက်လက်စီရင်သွားပါမယ်။ နောက်ရုံးချိန်းမှာ အမှုစစ်မှာဖြစ်တဲ့အတွက် (ဦးကျော်မြင့်အနေနဲ့) ရှေ့နေငှားမယ်ဆိုရင် တခါတည်းငှားဖို့ တပါတည်း ခေါ်လာဖို့ သူ့ကို အသိပေး ရှင်းပြထားတာ ရှိပါတယ်။ "
ဦးကျော်မြင့် (ခေါ်) ဇခုန်ဇုန်းဆောင် ဟာ စီးပွားရေးကုမ္ပဏီများ အက်ဥပဒေကို ချိုးဖေါက်ခဲ့မှုအတွက် ၁၉၉၈ မေလတုန်းက အိုးဘိုထောင်မှာ ထောင်ဒဏ် (၉)နှစ်ကျခံနေချိန် ၁ နှစ်လောက်အကြာ ၁၉၉၉ ခုထဲမှာ ထောင်ကနေ ထိုင်း-မြန်မာနယ်စပ်ဘက် ထွက်ပြေးသ ွားခဲ့ပြီးနောက် ကနေဒါနိုင်ငံကို ရောက်သွားခဲ့တာပါ။
ဦးသိန်းစိန် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး နှင်းဆီပါတီ UDP ကို မှတ်ပုံတင်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမဲ့ တယောက်မှ အနိုင်မရ ခဲ့ပါဘူး။ ဦးကျော်မြင့်ရဲ့အမှုကိစ္စဟာ မြန်မာနိုင်ငံနိုင်ငံအတွက် အရှက်ရစရာ ဖြစ်စေတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက သုံးသပ်ပါတယ်။
" သူက တရားခံပြေးဗျာ၊ အဲဒီတော့ သူက တိုင်းပြည်ထဲ ဘယ်လိုလုပ် ပြန်ဝင်လာတာလဲ။ အဲဒီတော့ ကနေဒါ နိုင်ငံသားဖြစ်ရင် မြန်မာနိုင်ငံထဲကို ဘယ်လိုလုပ် ဝင်လာတာတုန်း၊ သံရုံးမှာ ဗီဇာလျှောက်ပြီး ဝင်လာတာလား။ အဲဒီတော့ သံရုံးက Social Visa (လူမှုရေးဗီဇာ)ပေးတယ်ဆိုရင်လည်းပဲ ပြစ်မှုကင်းရှင်းကြောင်း ဝန်ခံကြရတယ်။ သံရုံးကို လိမ်ပြီးတော့ ပြစ်မှုဟောင်း ရှိရဲ့သားနဲ့ ထ ွက်ပြေးလာတဲ့သူ ဖြစ်ရဲ့သားနဲ့ မမှန်မကန် ဖေါ်ပြခဲ့တယ်လို့ ယူဆနိုင်စရာရှိတယ်ဗျ။ ဒါက လဝကအက်နဲ့ရော ရာဇသတ်ကြီးပါ ပုဒ်မပါ ပါတဲ့ ပြဿနာအကြီးကြီး ရှိတယ်။ ဒုတိယတချက်က သူတို့က ၂၀၁၃ ကတည်းက ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ခဲ့ကြတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ဒီအတိုင်း ခွင့်ပြုလိုက်တာမှ မဟုတ်ပဲ။ နောက်ကြောင်းတွေ အများကြီးလိုက်တာပဲ ၊ ထောက်လှမ်းရေးတွေ SB တွေ စရဖ တွေနဲ့အကုန်လိုက်ပြီးမှ လုပ်ကြတာဆိုတော့ .. သူ့ကို သူ့ပါတီကို ဘယ်လိုလုပ်ပြီးတော့များ ရွေးကောက်ပွဲ မှတ်ပုံတင်ခွင့် ပြုလိုက်တာလဲ။ အဲဒီတော့ ရွေးကောက်ပွဲ ကော်မရှင်မှာ မမှန်မကန် တင်ပြတဲ့ကိစ္စ၊ နောက်ပြီး သံရုံးမှာ မမှန်မကန် ဖေါ်ပြခဲ့တာတွေကို တရားရုံးမှာ စစ်ဆေးဆောင်ရွက်ပြီး သင့်တော်တဲ့ အမိန့်တရပ် ချရမယ်။ ဒီကိစ္စကြီးက တော်တော် ရှက်စရာကောင်းတယ်ဗျ။ ဘာလို့လဲဆိုတော့ ထောင်ပြေးကို မှတ်ပုံတင်ခွင့်တို့ ပါတီထောင်ခွင့်တို့ ရွေးကောက်ပွဲ ဝင်တော့မယ့် အခြေအနေထိ ပေးခဲ့တယ်ဆိုတော့ ကျနော်တို့ရဲ့ ဥပေဒစိုးမိုးမှု တရားစီရင်ရေး စနစ်ကြီးရော ကျနော်တို့တိုင်းပြည်ရဲ့ အုပ်ချုပ်မှု ပုံစံရောက တော်တော် အရှက်ကွဲတဲ့ ကိစ္စပဲဗျ။ "
နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ရဲ့အမှုဟာ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်နဲ့သာမက ၂၀၁၅ နောက်ပိုင်း ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့လည်း သက်ဆိုင်တာကြောင့် ဘယ်လိုသုံးသပ် ဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရမယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး Peace and Justice Myanmar အဖွဲ့က မရွှေရည်ဝင်းက ပြောပါတယ်။
" သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေအရ ပါတီထောင်ထားတာပဲပေါ့နော် ။ ပါတီ ထောင်ထားပြီး ၂၀၁၅ မှာလည်း ဝင်ပြိုင်တာပဲ ဆိုပေမယ့် ၂၀၂၀ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ စည်းမျည်းဥပဒေတွေနဲ့ သက်ဆိုင်တာကိုး ဒါတွေအကုန်လုံးကလေ ။ ဒါကတော့ ကော်မရှင်ရဲ့လက်ရှိ လုပ်ဆောင်ချက် သုံးသပ်ချက်ပေါ်မှာ မူတည်ပါလိမ့်မယ်။ "
၁၉၉၉ ဝန်းကျင် အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်သား ဖြစ်နေသူ ရှေ့နေ ဦးသိန်းသန်းဦးက ဦးကျော်မြင့်နဲ့ပတ်သက်တဲ့ ထောင်တွင်းအတွေ့အကြုံကို ပြောလာပါတယ်။
" ၁၉၉၉ မှာ ကျနော် အိုးဘိုထောင်ထဲမှာရှိတယ် အဲဒီကာလက။ ဒါပေမဲ့ ကျနော်သူ့ကို မမြင်ဖူးပါဘူး။ ဟိုဘက်တိုက် ဒီဘက်တိုက် နေဖူးပါတယ်။ သူ့ကို နစ်နာစေလိုတဲ့စိတ်နဲ့ ပြောတာတော့ မဟုတ်ဘူး၊ ထောင်ထဲမှာ ကျနော်သိသလောက် သူရောက်လာတော့ ကျနော်တို့က ၅-ည တွေချည်းပဲထားတဲ့ တိုက်မှာရှိနေတယ်ပေါ့။ သူက အခြားတိုက်မှာဆိုတော့ ဝါဒါတွေက ပြောတယ် 'ဟာ.. သူဌေးကြီး ရောက်လာတာ ၊ ထောင်မှာလည်း ထောင်မှူးတွေရော ဝန်ထမ်းတွေပါ အကုန်လုံးကို ပိုက်ဆံတွေ ဝေပေးတယ်။' ပေ့ါဗျာ။ နောက်ပြီး ထောင်ဝင်စာအထုတ်ကြီးကလည်း အကြီးကြီးပေါ့။ ခနခနလည်း လာတာ။ ထောက်လှမ်းရေးနဲ့ ရန်ဖြစ်လို့ ဒီထဲရောက်လာတာ။ မကြာခင် သူ့ကို လာပြန်ထုတ်သွားမှာ .. ဆိုတဲ့ ကောလဟလတွေက အများကြီး ကြားခဲ့ရတယ်။ "
နှင်းဆီပါတီ UDP ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီပြီးရင် ကိုယ်စားလှယ်လောင်း (၁,၁၀၀)ကျော်နဲ့ ဒုတိယအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5
.............
(Unicode)