အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတာ ၁ နှစ်နီးပါးရှိတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်ထိ လွတ်မြောက်နေတဲ့ တရားခံပြေး ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ခြင်းမရှိတာအပြင် စွဲချက်တင်နိုင်ဖို့ တရားလိုပြသက်သေတွေကို စစ်ဆေးနေရဆဲဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့ ဒီကနေ့မှာလည်း တရားလိုပြ သက်သေ ၂ ယောက်ကို စစ်ဆေးခဲ့ပါတယ်။ ဦးကိုနီအသတ်ခံရတဲ့ အမှုနဲ့ပါတ်သက်လို့ နောက်ဆုံး အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လေဆိပ်မှာသေနတ်နဲ့လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဟာဆိုရင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှာဆိုရင် တစ်နှစ်ပြည့် ပြီဖြစ်ပါတယ်။ ၁ နှစ်နီးပါးကြာလာတဲ့အထိ တရားလိုပြသက်သေတွေကို စစ်ဆေးနေရဆဲဖြစ်ပါတယ်။ ။ ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ၃၇ ကြိမ်မြောက်ရုံးချိန်းမှာ သက်သေ ၂ ယောက်ကို စစ်ဆေးခဲ့ပါတယ်။
တရားလိုပြသက်သေ ၈၀ မှာ ၇၁ ယောက်ကို စစ်ဆေးပြီးသွားပြီး ၉ ယောက်ကျန်ပါသေးတယ်။ တရားလိုပြသက်သေတွေ အားလုံးကို စစ်ဆေးပြီးသွားရင်တော့ အမှုအတွက် စွဲချက်တွေ တင်နိုင်မှာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေလက VOA ကိုအခုလိုပြောပါတယ်။
"တရားလိုဘက်သက်သေကို ခေါ်စစ်ဖို့အတွက်ကို ကျနော်တို့က ကြိုးစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သက်သေက ၈၀ တောင်ရှိနေတာကို ဒီတရားဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် သက်သေခေါ်တဲ့အခါမှာ ဆွဲချက်တင်သင့်မတင်သင့် ဘယ်လိုပုဒ်မမျိုးနဲ့ပေါ့နော်၊ ဘယ်လို စွဲချက်မျိုးတင်မယ်ဆိုတဲ့အပိုင်းကတော့ တရားဥပဒေက ဆုံးဖြတ်မှာပါ အဲဒါပြီးလို့ရှိရင် အဲဒီအခြေအနေက ကျနော်တို့ဘက်တခြမ်း ယာယီအားဖြင့်တော့ ပြီးဆုံးသွားတာပေါ့လေ။"
ထွက်ပြေးလွတ်မြောက်နေတဲ့ ဦးအောင်ဝင်းခိုင်ကို တရားခံပြေးဝရမ်းထုတ်ထားပါတယ်။ ဒါပေမဲ့ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဝရမ်းကပ်သိမ်းဆည်းဖို့ တရားလိုရှေ့နေတွေက တောင်းဆိုထားပေမဲ့ တရားရုံးက လုပ်ဆောင်ခြင်းမရှိသေးပါဘူး။ အခုလို ဝရမ်းထုတ်ခံထားရသူတယောက် ထွက်ပြေးလွတ်မြောက်နေတာနဲ့ပတ်သက်ပြီး သေနတ်သမားကို လိုက်ဖမ်းပေးရင်း သေနတ်မှန် သေဆုံးသွားတဲ့ ကိုနေဝင်းရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်က အခုလိုပြောပါတယ်။
"ဦးအောင်ဝင်းခိုင်ကို အခု ဝရမ်းပြေးလို့ ကြေညာတယ်။ ရှာလို့မရဘူး။ ရှာလို့မရရင် သူပိုင်တဲ့ပစ္စည်းတွေကို ကျင့်ထုံးဥပဒေပုဒ်မ ၈၇-၈၈ နဲ့ ဝရမ်းကပ်ရမယ်။ ဝရမ်းကပ် သိမ်းဆည်းမယ် အဲလိုလုပ်ချင်းဟာ တရားခံကို ရုံးရှေ့လာစေချင်လို့ လုပ်တာ။ တမင် နစ်နာအောင်လုပ်တာမဟုတ်ဘူး တရားရုံးက အဲဒါကို အခုအထိ မလုပ်သေးတာလည်း ကျနော်တို့လည်း ဘဝင်မကျဘူး အဲဒါတွေ ဝရမ်းကပ်ဖို့ တရားရုံးကပြောတာကတော့ သက်သေတွေ စစ်တာ မပြီးသေးလို့ဆိုတော့ ကျင့်ထုံးမှာ သက်သေစစ်ပြီးမှ ဝရမ်းကပ်ရမယ်လို့တော့ ကျနော်မဖတ်မိဘူး အဲဒီလို အားနည်းချက်တွေရှိတာအမှန်ပဲ။ တရားခံ ပြေးအောင်ဝင်းခိုင်ကို လက်ရဖမ်းဆီးရေးတာဝန်ဟာ ပြည်ထဲရေးလက်အောက်ခံရဲတာဝန်ပဲ ရဲတာဝန် ရဲကကျေပွန်ဘူးဆိုတော့ တန့်နေတယ်ခင်ဗျ။"
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီးရှားနိုင်ငံကနေ လေ့လာရေးခရီးစဉ်ပြန်လာတဲ့ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီလောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အထွက်မှာ အနောက်ကနေ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံရတာဖြစ်ပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကြည်လင်းကိုတော့ ဖမ်းဆီးထားပါတယ်။
ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တာနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူ ကြည်လင်းအပါအဝင် အောင်ဝင်းဇော် ၊ ဇေယျာဖြိုး ၊ အောင်ဝင်းထွန်း ၊ အောင်ဝင်းခိုင်တို့ ၅ ဦးကို မြောက်ပိုင်းခရိုင်တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ / ၃၄ / ၂၁၂ တို့နဲ့ တရားစွဲထားပြီး ကြည်လင်းနဲ့ အောင်ဝင်းဇော်တို့ကို လက်နက်ပုဒ်မ ၁၉(ဃ) ၁၉ (စ) တို့နဲ့ ထပ်မံတရားစွဲဆိုခဲ့ပါတယ်။
Your browser doesn’t support HTML5