၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲမှာ မြန်မာ U-23 အသင်းက အိမ်ရှင် စင်္ကာပူအသင်းကို အနိုင်ရသွားတဲ့အတွက် မြန်မာအသင်းဟာ အုပ်စုကနေ နောက်တဆင့် တက်ဖို့ အလားအလာကောင်းသွားပြီဖြစ်ပါတယ်။ စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ဆီးဂိမ်းဘောလုံးပွဲအပါအဝင် ၊ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ FIFA U-20 ကမ္ဘာ့ဖလားဘောလုံးပွဲ ဘက်က မြန်မာအသင်း ရဲ့ နောက်ဆုံး အခြေအနေတွေကို ကိုရန်နိုင်က စုစည်း တင်ဆက်ပေးထားပါတယ်။
စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲ မှာတော့ မြန်မာယူ-၂၃ အသင်းက အိမ်ရှင် စင်္ကာပူကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။ မြန်မာက နေလင်းထွန်းရဲ့ ဂိုးနဲ့ ဦးဆောင် ခဲ့ပေမယ့်၊ စင်္ကာပူက ပယ်နယ်တီကနေ ပြန်ချေခဲ့ပြီး၊ မြန်မာအတွက် အနိုင်ဂိုးကိုတော့ ရဲကိုဦးက ဒုတိယပိုင်းမှာ ဖရီးကစ်ကနေ သွင်းခဲ့တာပါ။ မြန်မာအသင်းဟာ အိမ်ရှင် စင်္ကာပူကို ထိုက်ထိုက်တန် အနိုင်ရတာဖြစ်ပြီး ၊ တိုးတက်မှုတချို့တွေ့ရတယ်လို့ အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့် ပြောပါတယ်။
"စင်ကာပူပွဲနဲ့ပြောရမယ်ဆိုရင် မြန်မာအသင်းက ထိုက်ထိုက်တန်တန်ကို အနိုင်ရတာပါ။ မြန်မာက ကောင်းပါတယ်။ အားလုံး ကောင်းပါတယ်။ ပြီးတော့ အင်ဒိုနီးရှားနဲ့ ကစားသွားတဲ့ပွဲမှာဆို နောက်တန်းက တော်တော်ကို အားနည်းခဲ့တာ။ ဒီနေ့ပွဲမှာတော့ အဲ့တာကို ပြင်နိုင်စွမ်းရှိခဲ့တယ်။ ဒီနေ့ပွဲရဲ့ထူးခြားချက်ကတော့ အသင်းလိုက် ကစားအားပေါ့နော်။ အရင့်အရင် U23 အသင်းတွေထက် စာလို့ရှိရင် နည်းနည်းလေး တည်ငြိမ်လာတယ်ပေါ့။ အဓိက အပြောင်းအလဲကတော့ ကျနော်တို့ Sea Games ပြိုင်ပွဲတုန်းက အမြဲတမ်းလိုလို မြင်တွေ့ရလေ့ရှိတဲ့ စည်းကမ်းလိုက်နာမှုပေါ့။ ကိုယ်က ဦးဆောင်နေရလို့ရှိရင်ကောင်းတယ်။ သရေလောက် ကျလိုက်လို့ရှိရင် ခပ်ကြမ်းကြမ်း ကစားမယ်။ လူချကစားမယ်။ ပြီးလို့ရှိရင် အနီကဒ်ပြပြီး အထုတ်ခံရမယ်ဆိုတဲ့ ပုံစံမျိုး ဒီ U23 အသင်းမှာ လုံးဝ မတွေ့ရဘူး။"
မြန်မာအသင်းဟာ အိမ်ရှင်စင်္ကာပူကို နိုင်လိုက်တဲ့အတွက်၂ ပွဲကစား၊၂ ပွဲ နိုင် ၆ မှတ်နဲ့ အကြိုဗိုလ်လုပွဲ တက်ဖို့ အလားအလာ အတော်ကောင်း သွားပြီဖြစ်တယ် လို့လည်း ကိုဇော်မျိုးသန့်က သုံးသပ်ပါတယ်။
စင်္ကာပူနိုင်ငံမှာ မြန်မာနိုင်ငံသား အများအပြား ပညာသင်၊ အလုပ်လုပ်ကိုင်နေကြတဲ့ အတွက် ဒီနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲ မှာလည်း မြန်မာ ပရိဿတ်တွေ တခဲနက် အားပေးခဲ့ကြပါတယ်။
အင်ဒိုနီးရှား နဲ့ ပွဲမှာ ပရိဿတ် ထောင်နဲ့ ချီ အားပေးခွင့် ရခဲ့ပေမယ့် အိမ်ရှင် စင်္ကာပူနဲ့ ပွဲမှာ မြန်မာ ပရိဿတ် အတွက် တရားဝင် လက်မှတ်စောင်ရေ ၅ ရာပဲ ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာပရိဿတ်တွေဟာ အိမ်ရှင် ပရိဿတ်တွေနဲ့ အပြိုင် အားပေးဖို့အတွက် လက်မှတ်တွေ နည်းမျိုးစုံနဲ့ ရအောင်ကြိုးပမ်းပြီး အားပေးခဲ့ကြတယ်လို့ ဒီပွဲ ကို သွားရောက် အားပေးခဲ့တဲ့ ကိုရဲမာန်မြင့်က ပြောပါတယ်။
"စင်ကာပူနဲ့ပွဲမှာ လက်မှတ်တွေ အကုန်လုံးက မြန်မာဘက်ခြမ်း ထောင်ကျော်ကို ပရိတ်သတ် ကို ငါးရာလောက်ပဲ ရောင်းမယ်လို့ သတင်းတွေ ကြားတယ်ပေါ့။ အဲ့ဒီ့တော့ မြန်မာ လက်မှတ်တွေကို ရောင်းတဲ့နေ့တုန်းကလည်း ချက်ခြင်းပဲ ကုန်သွားတာ။ ငါးရာလောက်ပဲကိုလေ အဲ့တာနဲ့ စင်ကာပူဘက်ခြမ်းက ဝယ်လို့ရတာ ဆိုတော့ စလုံးသူငယ်ချင်းတွေ PR တွေကို အကူအညီတောင်းပြီးတော့ အကုန်လုံးက စလုံးဘက်ခြမ်းကို ဝယ်ထားကြတာပေါ့နော်။ ဒီနေ့ ကွင်းထဲကို ရောက်တော့ မြန်မာ ပရိတ်သတ်တွေက သူတို့နဲ့ Level နီးပါးလောက်ကို လိုက်နိုင်တယ်။ သူတို့ဘက်က သူတို့အိမ်ကွင်းဆိုတော့ Ticket ကို ရနိုင်သလောက် ထုတ်ထားပေးတယ်။ ကိုယ်တွေဘက်က အစွမ်းကုန်ကြိုးစားတယ်။
မနေ့ကဆိုရင် စလုံးနိုင်ငံသားတွေပဲ ကဒ်နဲ့ဝယ်လို့ရတယ်ဆိုပြီးတော့ အဲ့တာနဲ့ မြန်မာလူမျိုးတွေက NTUC ကဒ်တွေနဲ့ တယောက်ကို နှစ်စောင်ဆို တစ်ယောက်ကို နှစ်စောင်နှုန်းနဲ့ အစွမ်းကုန် ရအောင် ကြိုးစားပြီး ဝယ်ကြတာ်။ ဒီက မြန်မာဘောလုံးချစ်သူ အဖွဲ့ကနေ လည်း ကြိုးစားပြီးတော့ ရနိုင်သလောက် လုပ်ပေးတော့ ကျနော်တို့ ကိုယ်ထင်ထားတဲ့ အတိုင်းကို အားပေးလိုက်ရတယ်။ ပရိတ်သတ်က တော်တော်ကို များတယ်။ ပထမပွဲ တုန်းက အင်ဒိုနီးရှားနဲ့ပွဲတုန်းကဆို ပရိတ်သတ် ရှစ်ထောင်ကြားမှာ ကိုယ်တွေက လေးထောင်လောက်ရှိတယ်။ အခု ဒီလိုချုပ် ထားတာတောင် မရှိဘူးဆို နှစ်ထောင်၊ နှစ်ထောင့်ငါးရာလောက်ကို လာလောက်တယ် အကို။"
စင်္ကာပူမြေမှာ အိမ်ရှင်အသင်းကို အခုလို အနိုင်ရလိုက်တာနဲ့ ပတ်သက်ပြီး ဒီပွဲကို ကိုယ်တိုင် သွားအားပေးခဲ့တဲ့ မြန်မာဘောလုံးပရိဿတ် တဦးဖြစ်တဲ့ ကိုရဲမာန်မြင့်က အခုလို ပြောပါတယ်။
" ပြောရမယ်ဆို ဒီနေ့က ကျနော်တို့က လုံးဝကို ပျော်တာ။ ပွဲပြီးလို့ မိနစ် ၂၀လောက်အထိကို မထွက်ပဲနဲ့ နိုင်ငံတော်သီချင်း ဆိုပြီး ဂုဏ်ပြုနေကြတာ။ ဖရီးကစ်ကနေ လှလှပပ ရဲကိုဦးက သွင်းသွားချိန်မှာ ကျနော်တို့ လုံးဝ လက်တွေ အကုန်လုံး လေထဲ မြောက်နေတာ ခြေထောက်နဲ့ မြေကြီး မထိသလိုကို ခံစားရတယ်။ ကျနော်ဆို မြန်မာဟေ့ မြန်မာဟေ့လို့ အော်တဲ့အသံဟာဆိုလို့ရှိရင် လူပါ တုန်တုန်သွားတယ်။ ပွဲသိမ်းခရာ ဝီဇီမှုတ်လိုက်တဲ့အချိန် ဖြစ်သွားတဲ့ Feeling က လုံးဝ စလုံးမြေမှာ စလုံးကို နိုင်လိုက်ပြီပေါ့နော်။ အဲ့လို အရမ်း ဟစ်ကြွေးအော်ပြီး နိုင်ငံတော် သီချင်းကို ပြိုင်တူဆိုပြီးတော့ ခုန်ပေါက်ပြီးတော့ ဘာဖြစ်သွားမှန်းမသိဘူး။ မြန်မာ မြန်မာ မြန်မာ ဆိုတဲ့အသံက အရမ်းကို ဟိန်းပြီးတော့ အရမ်းကို ကျေနပ်စရာကောင်းတယ်။ "
၂၈ ကြိမ်မြောက် ဆီးဂိမ်းဘောလုံးပွဲ အုပ်စု က မှာ မြန်မာက အိမ်ရှင် စင်္ကာပူ ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့ နဲ့ တအုပ်စုတည်း ကစားရ တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ လာမယ့် ဇွန်လ ၇ ရက်နေ့မှာ ဖိလစ်ပိုင် နဲ့ ကစားရမှာဖြစ်ပြီး ၁၀ ရက်နေ့မှာတော့ ကမ္ဘောဒီးယားနဲ့ ကစားရမှာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ FIFA U-20 ကမ္ဘာ့ဖလားပြိုင်ပွဲ မှာတော့ မြန်မာ U-20 အသင်းဟာ ဒီကနေ့မှာတော့ အိမ်ရှင် နယူးဇီလန် အသင်းနဲ့ ဝယ်လင်တန်မြို့မှာ ကစားကြမှာဖြစ်ပါတယ်။ အိမ်ရှင် နယူးဇီလန် နဲ့ ကစားမယ့် မြန်မာ အသင်းရဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူ ဦးစိုးမိုးကျော်ကို မေးကြည့်ထာပါတယ်။
" အခုပွဲစဉ် အနေအထားနဲ့ပြောမယ်ဆိုရင်တော့ ၅၀-၅၀ပေါ့။ သူတို့လည်း ကစားမှာပဲ။ ကျနော်တို့လည်း ကစားမှာပေါ့။"
ကိုရန်နိုင်။ ။ ကျနော်တို့က ပထမ နှစ်ပွဲစလုံးက ရှုံးခဲ့တယ်ဆိုပေမဲ့ ဒီပွဲနိုင်မယ်ဆိုရင် နောက်တဆင့်ကို တက်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက် ရှိနေသေးတော့ ဒီပွဲနဲ့ပတ်သက်ပြီးတော့ အသင်းက ဘယ်လောက် အထိ မျှော်လင့်ထားလဲ။ ကစားသမား တွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ ခင်ဗျ။
"ကစားသမားတွေကတော့ အသေအလဲ တိုက်မှာပေါ့။ နိုင်အောင်ကစားမှာပေါ့။ အသေအလဲကို ကစားမှာ။ တသင်းလုံးက အသေအလဲ ကစားဖို့ပြင် ထားပြီးသွားပြီ။ နိုင်မယ် မနိုင်ဘူး ဆိုတာတော့ ပွဲကစားတဲ့အချိန်ကျမှ သိမှာပေါ့။"
ကိုရန်နိုင်။ ။ တသင်းလုံး ကစားနိုင်မလား။ ဘယ်လိုရှိလဲ။ လူအခြေအနေ။
" တသင်းလုံး မကစားနိုင်ဘူး။ သီဟထက်အောင်က Red Card အနီကဒ် ထိထားတယ်။ သူ မပါနိုင်ဘူး။ ကျန်တဲ့လူတွေကတော့ ပါမယ်။ ငြိမ်းချမ်းအောင်ကလည်း မရသေးဘူး။"
အုပ်စု တတိယရတဲ့အသင်း ၆ သင်းထဲက အကောင်းဆုံး ၄ သင်း နောက်တဆင့်ကို တက်မှာဖြစ်တဲ့ အတွက် မြန်မာအသင်းရော အိမ်ရှင် နယူးဇီလန်အသင်းပါ ၂ သင်းစလုံးအတွက် မျှော်လင့်ချက်တွေ ရှိနေတုန်းပဲဖြစ်ပါတယ်။