မြန်မာဘောလုံးလောက တခေတ်ဆန်းပြီလား

မြန်မာဘောလုံးအသင်းအနေနဲ့ စင်္ကာပူနိုင်ငံမှာကျင်းပနေတဲ့ SEA Game ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့အပေါ် ပရိသတ်တွေရဲ့တုံ့ပြန်ချက်တွေနဲ့ မြန်မာဘောလုံးအားကစား ပြန်လည် ဦးမော့လာအုံးမလားဆိုတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်နေတဲ့ မြန်မာယူ-၂၃ ဘောလုံးအသင်းဟာ အခုဆိုရင် နောက်ဆုံးဖိုင်နယ်ကို ရောက်သွားပြီ ဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရပြီးဖိုင်နယ်တက်သွားတာပါ။ ဒါကြောင့် မြန်မာဘောလုံးအသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ရွှေတံဆိပ်နဲ့ လက်တစ်ကမ်းအကွာမှာလည်း ရောက်နေပါပြီ။ ဒီလို ဖိုင်နယ်ကို တက်လှမ်းခဲ့တဲ့နေရာမှာ ၁၂ ယောက်မြောက် ကစားသမားလို့ ခေါ်တဲ့ စင်ကာပူရောက် မြန်မာဘောလုံးပရိသတ်တွေရဲ့ အားပေးမှုကလည်း အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ မြန်မာနဲ့ဗီယက်နမ်ပွဲကို ကွင်းမှာ ကိုယ်တိုင်သွားရောက်အားပေးခဲ့တဲ့ မြန်မာ့ဘောလုံးပရိသတ် ကိုရဲမာန်မြင့်ကလည်း ဒီပွဲနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အကိုတို့လည်းမြင်တဲ့အတိုင်းပဲ၊ ကစားသမားတွေဆိုတာ ကွင်းထဲမှာလေ၊ သူတို့ကိုယ်တိုင်က ငိုပြီးတော့ - ကိုယ်တွေကလည်း အရမ်းပျော်တယ်။ ပရိသတ်တွေအားလုံးက ဒီနေ့က ဆီမီးဖိုင်နယ်ဆိုတော့ အကုန်လုံးကလည်း အံ့မခန်းပဲ တက်တက်ကြွကြွနဲ့အားပေးကြတယ်။ ကိုယ်တွေကလည်း ပထမဂိုးရထားတယ်ဆိုတော့လေ။ အဲဒီ One-One ဖြစ်သွားတဲ့အချိန်မှာလည်း စိတ်ဓာတ်ကမကျဘဲနဲ့ အကုန်လုံးက အားတက်သရောနဲ့တော့ ဗီယက်နမ်ဘက်က အသာစီးရထားပေမယ့် ကိုယ်တွေဘက်က နိုင်ရမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ အားပေးတော့ တူး-ဝမ်းဖြစ်သွားတဲ့အခါမှာ အရမ်းပျော်သွားတယ်။ ဗီယက်နမ်ကို အနိုင်ရတဲ့အတွက်လည်း ကျေနပ်တယ်။ ရှုံးကြွေးကို ပြန်ဆပ်နိုင်တဲ့အတွက်လေ။ တကွင်းလုံးကတော့ ပရိသတ်ကအများကြီးပဲ။ နှစ်သောင်းကျော်တယ်။ ကိုယ့်အတန်းကတော့ အပြည့်ပဲ။”

စင်္ကာပူရောက် မြန်မာပရိသတ်တွေ နိုင်ငံတော်သီချင်းဆိုပြီး အားပေးနေတာတွေ၊ မြန်မာ၊ မြန်မာ…ဆိုပြီး အော်ဟစ်အားပေးနေတာတွေ၊ ပွဲအပြီးအောင်ပွဲခံနေတဲ့ ဗီဒီယိုတွေ ဓါတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာတွေမှာ တွေ့ခဲ့ရပါတယ်။ အလာတူးပဲ မြန်မာနိုင်ငံတဝှမ်းမှာလည်း ဘောလုံးပရိသတ်တွေ မြန်မာယူ-၂၃ အသင်းကို ရုပ်သံဖန်သားပြင်ပေါ်ကနေ အားပေးခဲ့ကြပြီး ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာဆိုရင် LED Screen အကြီးကြီးတွေနဲ့ အများပြည်သူကြည့်ရှုနိုင်အောင် ပြသခဲ့တယ်လို့ ရန်ကုန်မြို့က အားကစားဆောင်းပါးရှင် ကိုဇော်မျိုးသန့် အခုလိုပြောပါတယ်။

“ပရိသတ်တွေ ဘယ်လောက်အထိ အားပေးနေကြသလဲဆိုလို့ရှိရင် ရုံးတချို့ဆိုလို့ရှိရင် တရားဝင်စာထုတ်ပြီးတော့ ခန်းမပေါ့၊ ခန်းမဆိုတာ သူတို့ရှိတဲ့ ဧည့်ခန်းတို့ဘာတို့လိုနေရာတွေမှာ ဝန်ထမ်းတွေ အားလုံးစုပြီးတော့ ဘောလုံးပွဲကြည့်ခွင့်ပေးတယ်။ ကားလမ်းတွေပေါ်မှာတောင်မှပဲ ကားအသွားအလာက ပြတ်သလောက်ဖြစ်သွားတယ်။ ကန်တော်ကြီး မျှော်စင်ကျွန်းမှာလည်း LED တီဗီ အကြီးကြီး ထောင်ပြီးတော့ ကြည့်ကြတယ်။ အဲဒီမှာလည်း လူတွေက ပြည့်လုပြည့်ခင်ပါပဲ ။ နောက် မဟာဗန္ဓုလပန်းခြံနားတဝိုက်ကတော့ အကုန်လုံးအပြည့်ပါပဲ။”

ဆီးဂိမ်းဝင်နေတဲ့ မြန်မာယူ-၂၃ အသင်းကလည်း ဖိုင်နယ်ရောက်ပြီး ရွှေတံဆိပ်နဲ့ လက်တကမ်းအကွာမှာရောက်နေတာကြောင့် မြန်မာ့ဘောလုံး တခေတ်ဆန်းပြီလားဆိုတဲ့ ပြောဆိုသံတွေလည်း ထွက်လာနေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မြန်မာ့လက်ရွေးစင်ဟောင်း ဦးမျိုးဝင်းညွန့်ကို မေးကြည့်ထားပါတယ်။

“ကျနော်တို့အသင်းက ခြေအနေအထားအရ ဒေါင်ဒေါင်မြည်နေတော့ ၊ ပြန်ပြီးတော့ ဘောလုံး အောင်မြင်ဖို့အတွက် အစပျိုးတယ်လို့ ပြောရမှာပေါ့ဗျာ။ ဘာကြောင့်လဲဆိုဆတော့ ကျနော်တို့ ဆီးဂိမ်းဖိုင်နယ်ကို မရောက်တာ တော်တော်ကြာပြီလေ။ တခေတ်ဆန်းပြီးလာဆိုတာကတော့ ပြောလို့မရသေးဘူး ပေါ့။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲက အခုမှ ဒီတခုပဲ ရှိသေးတာကိုး ။ တခေတ်ဆန်းပြီလို့ ပြောဖို့ဆိုရင်တော့ ကျနော်တို့က ပြိုင်ပွဲ ၂ ခု၊ ၃ ခု စသဖြင့်ပေါ့ ၊ အဲဒီလိုပြိုင်တဲ့အခါမှာ ဒီကလေးတွေက အခုလိုပဲ ဖိုင်နယ်ကိုရောက်မယ် ၊ ချန်ပီယံဆုကိုရမယ် ဆိုပြီး ဖြစ်လာတယ်ဆိုရင်တော့ တခေတ်ဆန်းတယ်လို့ ပြောလို့ရမယ်။”

SEA Game ပြိုင်ပွဲဝင်နေတဲ့ မြန်မာယူ-၂၃ အသင်းကို ကမ္ဘာတဝှမ်းမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း အားပေးခဲ့ကြပါတယ်။ အနောက်ကမ္ဘာခြမ်းက အမေရိကန်နိုင်ငံမှာဆိုရင်လည်း ဘောလုံးဝါသနာရှင်တွေဟာ ဆီမီးဖိုင်နယ်ပွဲကို ညမအိပ်ဘဲ အင်တာနက်အွန်လိုင်းကနေ ကြည့်ရှု အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီလို အားပေးခဲ့တဲ့အထဲမှာ မြန်မာ့လက်ရွေးစင်ဂိုးသမားဟောင်း ဦးရင်ထွေးလည်း ပါဝင်ပါတယ်။ ဗီယက်နမ်အသင်း ကစားနေတဲ့ပွဲချိန်တချိန်လုံး စိတ်လှုပ်ရှားနေခဲ့မိပေမယ့် နောက်ဆုံးအနိုင်ရပြီး ဖိုင်နယ်တက်နိုင်ခဲ့တဲ့အတွက် လက်ရွေးစင်ကစားသမားဟောင်းတစ်ယေက် အနေနဲ့ ပီတိဖြစ်မိတယ်လို့ ဦးရင်ထွေးက ပြောပါတယ်။

“ကြည့်နေပါတယ်။ အချိန်ချင်းမတူတဲ့အခါကျတော့ နည်းနည်းလေးစောင့်ပြီးတော့ ဒီဘောလုံးပွဲကို ကြည့်ဖြစ်အောင်ကြည့်တယ်။ ဘာလို့လဲဆိုတော့ ကြုံတောင့်ကြုံခဲလေဗျာ။ အားလုံးမျှော်လင့်နေတဲ့ မြန်မာအားကစား ပြန်လည်ထွန်းတောက်လာမယ့်အချိန် ဖြစ်နိုင်မလားဆိုတဲ့ ဆန္ဒလေးနဲ့ပဲ ကြည့်မိတာပဲ။ အရင်တုန်းကတော့ ကျနော်တို့ မနက် ၈ နာရီခွဲဆို ကြည့်လို့ရတယ်။ အခုက မနက် ၂ နာရီဆိုတော့ စောင့်ရတာပေါ့လေ။ အိပ်ချင်တယ်ဆိုရင်လည်း ခနလေးအိပ်လိုက်၊ အိပ်ပြီးတော့ နာရီကို alarm ပေးပြီးတော့ ထပြီး စောင့်ကြည့်ရတဲ့ဘဝဗျ။”

သူကစားခဲ့တဲ့ ပြည်နယ်နဲ့တိုင်းဘောလုံးပွဲတွေနဲ့ လက်ရွေးစင်အသင်းပွဲတွေမှာဆိုရင် မြန်မာ့ဘောလုံးပရိသတ်တွေဟာ ကွင်းလုံးပြည့် အားပေးတဲ့ အစဉ်အလာတွေရှိခဲ့တယ်လို့ သူက ပြောပါတယ်။ အခုဆီးဂိမ်းပြိုင်ပွဲမှာလည်း မြန်မာယူ-၂၃အသင်း မြန်မာဘောလုံးပရိဿတ်တွေ အားပေးနေတာကို တွေ့ရတာနဲ့ ပတ်သက်ပြီး ဦးရင်ထွေးက အခုလို ဆက်ပြောပါတယ်။

“ဘယ်လိုလဲဆိုတော့ ကျနော်တို့ တိုင်းနဲ့ပြည်နယ်ကစားတုန်းကလည်း အောင်ဆန်းကွင်းကြီးက ရုံပြည့်ရုံလျှံပဲဗျ။ စင်တောင်ပြိုကျတာတွေ ကျနော်တို့တွေ့ခဲ့ရတယ်။ အဲလိုအချိန်မျိုးမှာပဲ ကစားနေတဲ့အချိန်မှာ ပရိသတ်တွေကိုမြင်တဲ့အခါ ကြက်သီးမွေးညှင်းတောင်ထသလို အခု ယူ ၂၃ ကိုကြည့်လိုက်တဲ့အခါမှာလည်း ကွင်းအပြည့် လာရောက်အားပေးတဲ့- ပထမဆုံးကျနော်က ချီးကျူးချင်တာက မြန်မာပရိသတ်ကို ကျနော် လုံးဝ ချီးကျူးတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်ရှင်ကွင်းလို လာပြီးတော့ သူတို့ရတဲ့အချိန်လေးကို လုပြီးလာအားပေးတဲ့ဒီပရိသတ်ရယ်၊ လုံးဝ တကယ့်စည်းစည်းလုံးလုံးနဲ့ ဘောလုံးကို အသင်းလိုက်၊ အသင်းလိုက် လိုက်ကစားတဲ့ ဒီ ညီငယ် ယူ ၂၃ က ဘောလုံးသမားတွေကို မြင်တော့ ကိုယ်ကိုယ်တိုင် အရင်က ဘောလုံးကစားခဲ့တဲ့နေရာလေးတွေကို ကြည့်ပြီးတော့ ကြက်သီးထခဲ့တယ်ဗျ။”

မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ မနက်ဖြန် ဇွန်လ ၁၅ ရက်နေ့ စင်ကာပူစံတော်ချိန် ၈ နာရီခွဲ၊ မြန်မာစံတော်ချိန် ညနေ ၇ နာရီမှာ ဗိုလ်လုကြမှာဖြစ်ပါတယ်။