တိုင်ဖုန်း Soudelor တရုတ်ကုန်းတွင်းပိုင်း ဝင်ရောက်

ဖူဂျန်းပြည်နယ်၊ Ningde မြို့မှာ ရေလွှမ်းနေတဲ့လမ်းမှာ လျှောက်နေတဲ့ ကယ်ဆယ်ရေးလုပ်သားများ။ (သြဂုတ် ၉၊ ၂၀၁၅)

အခုအခါမှာ ကုန်တွင်းပိုင်းကို ဝင်ရောက်နေပြီး အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်နှိမ့်သတ်မှတ်ထားတဲ့ စူဒလော တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဒီကနေ့ မိုးဆက်လက်ရွာသွန်းနေပါတယ်။

မုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်ပြီး လူ ၂၂ ဦးလောက် သေဆုံးတယ်လို့ အေပီသတင်းမှာ ဖေါ်ပြထားပါတယ်။ တရုတ်နိုင်ငံ ဖူဂျန်းနဲ့ ရှန်ဂျန်းဒေသတွေကို မုန်တိုင်းက ဦးတည်တိုက်ခတ်တာကြောင့် မြေပြိုမှုတွေဖြစ်ပြီး လူ ၈ ဦး သေဆုံးသွားပါတယ်။ ဖူဂျန်း လူမှုဝန်ထမ်း ဌာနက မုန်တိုင်းဒဏ်ကြောင့် အိမ် ၃၆ လုံးပျက်စီးပြီး ၂၈ဝ လောက် ပျက်စီးကုန်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လူပေါင်း ၃ သိန်း ၇ သောင်းလောက်ကို ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး စက်လှေပေါင်း ၃ သောင်း ၂ ထောင်ကို မုန်တိုင်းမတိုက်မှီ ကမ်းကို ပြန်ကပ်ဖို့ အမိန့်ထုတ်ထားခဲ့ပါတယ်။

စနေနေ့တုန်းကတော့ မုန်တိုင်းဟာ တိုင်ဝမ်ကို ဝင်ရောက်ခဲ့တာမှာ တနာရီ ၁၆၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့တာကြောင့် လူ ၃ သန်းလောက် လျှပ်စစ်မီးမရရှိဘဲ လမ်းတွေပေါ်မှာလည်း အပျက်အစီးတွေနဲ့ ပြန့်ကျဲနေပြီး သစ်ပင်တွေလည်း အမြစ်ကနေ ကျွတ်ထွက်ကုန်ပါတယ်။

မုန်တိုင်းကြောင့် ထိုင်ဝမ်မှာ လူ ၆ ဦးထက်မနည်း သေဆုံးသွားပြီး အဲဒီထဲက မိခင်နဲ့ အမွှာသမီး ၂ ယောက်ဟာ ပင်လယ်ထဲကို မျောပါသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အခုအခါမှာ မုန်တိုင်းအားပျော့သွားပြီ ဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါတယ်။