ဖိလစ်ပိုင် မြောက်ပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Mangkhut ကြောင့် မိုးအကြီးအကျယ်ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်နေပါတယ်။
မိုးသည်းထန်ပြီး မြေပြိုမှုကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးပြီး ၆ ဦးပျောက်ဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ နိုင်ငံမြောက်ဘက်စွန်း လူဇုံကျွန်းပေါ်က Baggao မြို့ထဲကို ဒီကနေ့မနက်အစောပိုင်းမှာပဲ တိုင်ဖွန်းမုန်တိုင်းဝင်ရောက်လာတာပါ။
တနာရီ ၁၆၇ မိုင်နှုန်းနဲ့ လေပြင်းတွေတိုက်လို့ သွပ်မိုးတွေလှန်ကုန်ပြီး မီးတွေလည်း ပြတ်ကုန်ပါတယ်။ မုန်တိုင်းမဝင်ခင်ကတည်းက တာဝန်ရှိသူတွေက ဒေသခံတွေကို ၂ ရက်ဆက်တိုက် ဘေးလွတ်ရာေ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ မြို့တော်မနီလာအပါအဝင် ပြည်နည်အတော်များများကိုရော လူဇုံကျွန်းပေါ်က မြို့တွေအတွက်ပါ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ကုန်းတွင်းပိုင်းကို ဝင်မလာခင် Mangkhut တိုင်ဖွန်းမုန်တိုင်းပေါ်က မိုးတိမ်တိုက်တွေရဲ့ အချင်းက မိုင်ပေါင်း ၅၆၀ လောက်ရှိခဲ့ပါတယ်။ Mangkhut တိုင်ဖွန်းမုန်တိုင်းကို ဆူပါ တိုင်ဖွန်းအဆင့်ကနေ ရိုးရိုးတိုင်ဖွန်း အဆင့်ကိုလျော့ချလိုက်ပေမယ့် လက်ရှိအမေရိကန်ပြည်ထောင်စု အရှေ့ဘက် ကမ်းရိုးတမ်းမှာ တိုက်ခတ်နေတဲ့ Florance မုန်တိုင်းကြီးထက် အားပြင်းနေပါသေးတယ်။
Mangkhut မုန်တိုင်းဟာ လာမယ့်တနင်္လာနေ့မှာ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတောင်ပိုင်းကို ဦးတည်ရွှေ့လျားသွားမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5