Twitter အမှုဆောင်အရာရှိချုပ် မြန်မာခရီးစဉ်ရေးသားမှု ဝေဖန်ခံရ

Jack Dorsey

Twitter လူမှုကွန်ယက်ရဲ့ အမှုဆောင်အရာရှိချုပ် Jack Dorsey ဟာ မြန်မာနိုင်ငံလာရောက်ပြီး ဝိပဿနာ တရားထိုင်ခဲ့ပြီးနောက် မြန်မာပြည်ကို သွားရောက်ကြဖို့ တိုက်တွန်းခဲ့တဲ့အပေါ် အတော်လေး ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ်။ Jack Dorsey ဟာ သိုသိုသိပ်သိပ်နဲ့ မြန်မာနိုင်ငံသွားခဲ့တဲ့ သူ့ခရီးစဉ်အကြောင်းကို ပြီးခဲ့တဲ့ တနင်္ဂးနွေနေ့က Twiiter လူမှုကွန်ယက်ပေါ်မှာပဲ ရေးသားခဲ့ရာမှာ မြန်မာနိုင်ငံဟာ အင်မတန်လှပ သွားရောက်လည်ပတ်စရာကောင်းတာမို့ သွားရောက်ကြဖို့ တိုက်တွန်းခဲ့သလို၊ သူ မြန်မာနိုင်ငံမှာရှိနေစဉ် သွားရောက်ကျင့်ကြံခဲ့တဲ့ ဗုဒ္ဓဘာသာ ဝိပဿနာကျင့်စဉ်ရဲ့ အကျိုးကျေးဇူးတွေကိုပါ ချီးမွန်းရေးသားထားပါတယ်။

ဒါပေမယ့်လည်း ရိုဟင်ဂျာမွတ်ဆလင်နှိပ်ကွပ်ခံရတဲ့အခြေအနေတွေနဲ့ မီးမောင်းထိုးခံရတဲ့ မြန်မာနိုင်ငံ၊ အထူးသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု နာမည်ဆိုးတွေကြီးနေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခုလို သူမှတ်ချက်ရေးတဲ့အပေါ်မှာ လူ့အခွင့်အရေးတတ်ကြွလှုပ်ရှားသူအတော်များများနဲ့ နိုင်ငံတကာ သတင်းသမားအချို့က ပြန်လည်မှတ်ချက်ပြု ဝေဖန်နေကြပါတယ်။ သူ မှတ်ချက်ပြုရေးသားတာတွေဟာ တာဝန်မဲ့လွန်းတယ်ဆိုပြီး Twitter သုံးစွဲသူတွေကလည်း ဝေဖန်နေပါတယ်။ Twiiter ဖက်ကတော့ ဒီဝေဖန်ချက်တွေအပေါ် အခုအချိန်အထိ တစုံတရာ တုံ့ပြန်တာမရှိသေးပါဘူး။