ငလျင်ဒဏ်သင့် တူရကီနဲ့ ဆီးရီးယား ကုလ အရာရှိတချို့ သွားရောက်

Turkey Syria Earthquake

တူရကီနိုင်ငံတောင်ပိုင်းနဲ့ ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရင်ဆိုင်နေရတဲ့ ငလျင်ဒဏ်ဟာ ဒီဒေသအတွင်း နှစ်ပေါင်း ၁၀၀ အတွင်း အဆိုးဆုံးဖြစ်မယ်လို့ ကုလသမဂ္ဂ ကူညီကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲ Martin Griffiths က ပြောကြားလိုက်ပါတယ်။

တနင်္လာနေ့က ဒီကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ မြေငလျင်ဟာ ဒီဒေသအတွက် နှစ်ပေါင်း ၁၀၀ အတွင်းမှာ အဆုံးဆုံးဖြစ်ပါတယ်လို့ တူရကီနိုင်ငံ Kahramanmaraş မြို့မှာရောက်နေတဲ့ ကုလသမဂ္ဂအကြီးအကဲ Martin Griffiths က ဒီနေ့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပျက်အစီးတွေကြား အသက်ရှင်ကျန်နေနိုင်သူတွေကို ကယ်ဆယ်ရေးတွေ ရှာဖွေနေတာကိုလည်း သူလေ့လာခဲ့ပါတယ်။

ဒီအတောအတွင်း ကမ္ဘာကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ဟာလည်း ငလျင်ဒဏ်ခံရတဲ့ ဒေသတွေထဲက တခုဖြစ်တဲ့ ဆီးရီးယားနိုင်ငံ Aleppo မြို့ကို ဒီကနေ့ ရောက်ရှိပါတယ်။ ငလျင်ဘေးသင့် ဒုက္ခသည်တွေကို ရှိနေတဲ့ ဆေးရုံတွေနဲ့ ယာယီခိုလုံရေး စခန်းတွေကို သွားရောက်မှာ ဖြစ်ပြီး ဆီးရီးယား ကျန်းမာရေးဝန်ကြီး နဲ့ Aleppo မြို့တော်ဝန်တို့နဲ့ တွေ့ဆုံမယ့်အကြောင်း ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။

တူရကီမှာ ၇.၈ ပြင်းအား ဆီးရီးယားမှာ ၇.၅ ပြင်းအားနဲ့ မြေငလျင်တွေ လှုပ်ခဲ့တာ ၆ ရက်မြောက်ကာလာချိန်မှာ အပျက်အစီးပုံတွေထဲက အသက်ရှင်နေနိုင်သူတွေ ကယ်ဆယ်နိုင်ဖို့ အလားအလာ တဖြေးဖြေးနည်းလာနေပါတယ်။ ကယ်ဆယ်ရေးတွေကတော့ ဆက်လက်ရှာဖွေနေကြတာမှာ နာရီပေါင်း ၁၃၀ နီးပါး ပိတ်မိနေတဲ့ အမျိုးသမီးတဦးကို Adiyaman မှာ ပြိုပျက်နေတဲ့ အဆောက်အဦးပျက်တွေအောက်ကနေ ဒီနေ့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

တနင်္လာနေ့က လှုပ်ခါခဲ့တဲ့ ငလျင်ကြောင့် တူရကီနဲ့ ဆီးရီးယား ၂ နိုင်ငံပေါင်းမှာ သေဆုံးသူ ၂ သောင်း ၄ ကျော်သွားပါပြီ။ Adiyaman ဒေသကို သောကြာနေ့က သွားရောက်ခဲ့တဲ့ တူရကီသမ္မတ Recep Tayyip Erdogan က ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတာကို အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။ ငလျင်ဒဏ် ခံထားရတဲ့ ဒေသ ၁၀ ခုမှာ ၇ ရက်ကြာ ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်သလို ၃ လကြာအရေးအပေါ် အခြေအနေကိုလည်း သမ္မတ Erdogan ကြေညာခဲ့ပါတယ်။

ဆီးရီးယားမှာလည်း ကယ်ဆယ်ရေးနှောင့်နှေးနေတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ခံနေရပါတယ်။ သောကြာနေ့ကတော့ သမ္မတ Bashar al Assad နဲ့ သူ့ရဲ့ဇနီးတို့ Aleppo မြို့ကဆေးရုံမှာ တက်ရောက်ကုသနေသူတွေကို သွားရောက်အားပေးခဲ့ပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေအပါအဝင် တနိုင်ငံလုံးကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးပို့တာကို ခွင့်ပြုတယ်လို့ ဆီးရီးယားအစိုးရပိုင် သတင်းမီဒီယာက သောကြာနေ့က ကြေညာခဲ့ပါတယ်။

အသက်ကယ်ဆယ်ရေးပစ္စည်း ၇၂ တန်ကို တူရကီနဲ့ ဆီးရီးယားနိုင်ငံတို့ဆီ ပေးပို့ထားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သောကြာနေ့က ပြောပါတယ်။ အဲဒီပစ္စည်းတွေနဲ့ လူပေါင်း ၁ သိန်းလောက်ကို ကုသပေးနိုင်မှာ ဖြစ်ပါတယ်။

===== Unicode ====






