တူရကီနိုင်ငံမှာ စစ်တပ်က တပ်ဖွဲ့ဝင် တချို့ အာဏာသိမ်းဖို့ ကြိုးပမ်းတာဟာ ပြီးဆုံး သွားပြီတော့၊ တိုင်းပြည်ရဲ့ အာဏာဟာ သူ့လက်ထက်မှာ ရှိတယ်လို့ တူရကီ သမ္မတ Recep Tayyip Erdogan က တူရကီ ပြည်သူတွေကို ထပ်လောင်း အာမခံ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့လည်း မြို့တော် အန်ကာရာ နဲ့ အစ္စတန်ဘူးလ်မြို့တွေ မှာတော့ စနေနေ့ မနက်က သေနတ်သံတွေ ပေါက်ကွဲမှုဖြစ်တဲ့ အသံတွေ ဆက်ကြားနေရပြီး၊ အန်ကာရာမြို့ တူရကီ စစ်ဌာနချုပ်ကို ဘယ်သူက ထိန်းချုပ်နေတယ် ဆိုတာကတော့ အခုချိန်ထိ ရှင်းရှင်းလင်း မသိရသေးပါဘူး။
တူရကီ ဝန်ကြီးချုပ် Binali Yildrim က စနေနေ့ နေလည်ပိုင်းက တိုင်းပြည်ကို မိန့်ခွန်းပြောကြား ခဲ့တာမှာတော့ သောကြာနေ့ညက အာဏာသိမ်းဖို့ ကြိုးပမ်းမှုဟာ တူရကီနိုင်ငံ အတွက်တော့ အမည်းစက်တခု ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဒီဖြစ်ရပ်ရဲ့ ပထမအဆင့်ကတော့ - အခုအခါမှာ ပြီးဆုံးသွားပါပြီလို့ သူကပြောကြား လိုက်ပြီး၊ တူရကီ စစ်တပ်အရာရှိတွေ နဲ့ တပ်သား ၂၈၃၉ ယောက်ရဲ့ အာဏာ သိမ်းဖို့ လုပ်ရပ်ကို အသေအချာ ပြစ်ဒဏ်ချမှတ်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ အားဖြင့် တူရကီ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာတော့ သေဒဏ်ပေးဖို့ ခွင့်ပြုမထားပါဘူး။ ဒါပေမဲ့လည်း တူရကီ အစိုးရအနေနဲ့ ဒါကို ပြောင်းဖို့ ကြိုးပမ်း သွားနိုင်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒီလို ကြေငြာလိုက်ပြီးချိန် ကစပြီး၊ တူရကီ နိုင်ငံက တွစ်တာ စာမျက်နှာတွေမှာတော့ I want death penalty သေဒဏ်ပေးဖို့ လိုလားတယ် ဆိုပြီး ရေးသား ဖော်ပြ တာတွေ ရှိလာနေပါတယ်။
သမ္မတ အာဒိုဝမ်ဟာ စနေနေ့ အစောပိုင်းကတော့ အစ္စတန်ဘူးလ်မြို့ကို လေယာဉ်နဲ့ သွားရောက်ခဲ့ပြီး၊ အာဏာသိမ်းဖို့ ကြိုးပမ်းမှုဟာ တပ်ထဲက ဆိုးးသွမ်းတဲ့ စစ်ဗိုလ်တစုရဲ့ နိုင်ငံတော် ပုန်ကန်မှုဖြစ်တယ်လို့ သူကရှုတ်ချလိုက်ပါတယ်။
Your browser doesn’t support HTML5