တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့က မြေငလျင်ကြောင့် လူ ၂၇၉ ဦး သေဆုံးပြီး လူ ၁,၀၀၀ ကျော် ဒဏ်ရာရရှိသွားပြီးတဲ့နောက် အပြိုအပျက်ပုံတွေအောက်ထဲကနေ အသက်ရှင် ကျန်ရစ်သူ အများအပြားကို ဆွဲထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေး အလုပ်သမားတွေက ပြောကြပါတယ်။ အီရန်နယ်စပ်နားက ပြင်းအား ၇ ဒဿမ ၂ နဲ့ လှုပ်သွားတဲ့ငလျင်ကြောင့် ဗန်မြို့မြောက်ပိုင်း မိုင် ၅၀ ကျော်က Ercis မြို့မှာ အထိခိုက်ဆုံး ဖြစ်တယ်လို့ အရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။ သေဆုံးသူ အရေအတွက် အခုထက် ပိုများလာဖွယ်ရှိပါတယ်။
ပြိုပျက်ကျနေတဲ့ အင်္ဂတေအပြားကြီးတွေကို စက်ယန္တရားကြီးတွေနဲ့ ဖယ်ရှားနေပြီး ကယ်ဆယ်ရေး လုပ်သားတွေ တညလုံး အလုပ်လုပ်နေကြရပါတယ်။ ငလျင်ကြောင့် အဆောက်အဦးကြီးတွေ အများအပြား ပြိုကျခဲ့ရပါတယ်။ တချို့နေရာတွေမှာဆိုရင် လျှပ်စစ်မီးနဲ့ရေလည်း ပြတ်တောက်ခဲ့ပါတယ်။
နောက်ဆက်တွဲ ငလျင်ငယ် ၁၀၀ ကျော် ဆက်လှုပ်ခဲ့တာပါ။ အဲဒီအထဲမှာတော့ အပြင်းဆုံးက ၆ ဒဿမ ၁ ပြင်းအားရှိခဲ့ပါတယ်။ အုတ်နဲ့ဆောက်လုပ်ထားတဲ့ အိမ်လေးတွေရှိတဲ့ရွာဆိုရင် တရွာလုံး အုတ်ပုံဖြစ်သွားတယ် လို့ ငလျင်ဘေးသင့်နေရာတွေကို တနင်္ဂနွေနေ့က သွားရောက်ခဲ့တဲ့ တူရကီဝန်ကြီးချုပ် ရီဆပ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan) က ပြောပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေက ဝမ်းနည်းစကားပြောကြပြီး အကူအညီတွေလည်း ပေးကြပါတယ်။ ဒီလိုမျိုး ဒုက္ခရောက်နေတဲ့ အခြေအနေမျိုးမှာ အမေရိကန်ပြည်ထောင်စုဟာ တူရကီနဲ့အတူ ရပ်တည်နေပါတယ်လို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက တနင်္ဂနွေနေ့က ပြောသွားခဲ့ပါတယ်။